International News

တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂမှ တင်သွင်းလာသော နို့ထွက်ပစ္စည်းများအပေါ် anti-subsidy ဆိုင်ရာစုံစမ်းစစ်ဆေးမှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဥ်းများနှင့်အညီ ပြုလုပ်မည်

Last Updated:

တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂမှ တင်သွင်းလာသော နို့ထွက်ပစ္စည်းများအပေါ် anti-subsidy ဆိုင်ရာစုံစမ်းစစ်ဆေးမှုကို တရုတ်နိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ် ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

၂၂-၈-၂၀၂၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ He Yadong က တရုတ်ပြည်တွင်းရှိ လုပ်ငန်းများ၏ လျှောက်ထားချက်ကို တုံ့ပြန်သည့်အနေဖြင့် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ခြင်းဖြစ်ကြောင်း၊  ယခုစုံစမ်းစစ်ဆေးမှုသည် ဥရောကော်မရှင်၏ တရုတ်နိုင်ငံထုတ် လျှပ်စစ်ယာဉ်များပေါ်တွင် ထောက်ပံ့ကူညီမှုဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုနှင့်ကွဲပြားကြောင်း၊ အဘယ်ကြောင့်ဆိုသော် အီးယူ၏စုံစမ်းစစ်ဆေးမှုသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (သို့မဟုတ်) ဥရောပသမဂ္ဂ အတွင်းရှိလုပ်ငန်းစုက လျှောက်ထားခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

ဇူလိုင်လတွင် ပြည်တွင်းနို့ထွက်ပစ္စည်းလုပ်ငန်းကိုယ်စား တရုတ်နို့ထွက်ပစ္စည်းလုပ်ငန်းအသင်းမှ တင်သွင်းသည့်လျှောက်လွှာကို တုံ့ပြန်သည့်အနေဖြင့် အီးယူမှတင်သွင်းသော နို့ထွက်ပစ္စည်းအချို့အား anti-subsidy ဆိုင်ရာစုံစမ်းစစ်ဆေးမှုကို တရုတ်နိုင်ငံမှ ၂၁-၈-၂၀၂၄ ရက်နေ့ တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သက်ဆိုင်ရာ တရုတ်ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် WTO စည်းမျဉ်းများအရ ပြည်တွင်းစက်မှုလုပ်ငန်းသည် ပုံမှန်စျေးကွက်ပြိုင်ဆိုင်မှုကို ထိန်းသိမ်းကာ ၎င်းတို့၏တရားဝင် အခွင့် အရေးများကို ကာကွယ်ရန်အတွက် ကုန်သွယ်မှုကုစားခွင့်လျှောက်လွှာများကို တင်သွင်းခွင့်ရှိသည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လျှောက်ထားသူများ တင်ပြသည့် စာရွက်စာတမ်းများနှင့် သက်ဆိုင်ရာ အထောက်အထားများကို ဝန်ကြီးဌာနကပြန်လည်စိစစ်ပြီး လျှောက်လွှာတင်နိုင်သည့် အခြေအနေများနှင့် ကိုက်ညီကြောင်း ၎င်းကထပ်မံပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနသည် စုံစမ်းစစ်ဆေးမှုစတင်ရန် ဆုံးဖြတ်ချက်မချမီ ယင်းကိစ္စနှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဥရောပသမဂ္ဂနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

Source: https://english.news.cn/20240822/11e2c801a8524b9f878a767e634de437/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News