International News

ဗီယက်နမ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် လာအိုနိုင်ငံမှ ကျောက်မီးသွေး တင်သွင်းရန် ကြိုးပမ်း

Last Updated:
ဗီယက်နမ်နိုင်ငံသည် ကြီးထွားလာသော ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လာအိုနိုင်ငံမှ ကျောက်မီးသွေးတင်သွင်းရန် စီစဉ်လျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာန (MOIT) က သြဂုတ် ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဝန်ကြီးဌာနက ဗီယက်နမ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့် ကုန်သွယ်မှု သဘောတူညီချက် တစ် ရပ်ကို ရေးဆွဲလျက်ရှိကြောင်း၊ ၎င်းသည် ဗီယက်နမ်၏ လက်ရှိအိမ်နီးချင်းနိုင်ငံမှ လျှပ်စစ် ဓာတ်အားဝယ်ယူခြင်းနှင့် ပတ်သက်သည့်အလေ့အကျင့်ကို လိုက်နာဆောင်ရွက်ခြင်းဖြစ် ကြောင်း ဖော်ပြပါရှိ ပါသည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး H.E Nguyen Hong Dien သည် ဗီယက်နမ်နိုင်ငံအတွက် ကျောက်မီးသွေးထောက်ပံ့မှုနှင့်ပတ်သက်၍ သေချာစေရန်နှင့် လာအိုနိုင်ငံ၏ ကျောက်မီးသွေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ အဆိုပြုထားသော သဘောတူညီချက်တစ်ရပ်ကို စွမ်းအင်နှင့် ဓာတ်သတ္တုကုမ္ပဏီ ခေါင်းဆောင်များနှင့် ဩဂုတ် ၂၇ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။  

ဗီယက်နမ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အစီအစဉ်အရ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများအတွက် ကျောက်မီးသွေးတန်ချိန် ၇၄.၃ သန်းကျော် လိုအပ်လျက်ရှိပြီး ပြည်တွင်း၌ ကျောက်မီးသွေးထုတ်လုပ်မှုမှ ၀ယ်လိုအား၏ တစ်စိတ်တစ်ပိုင်းကို ဖြည့်ဆည်းပေးနိုင်သော်လည်း နိုင်ငံ၏တင်သွင်းမှုသည် တန်ချိန် ၂၆ သန်းခန့် ရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ် အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ ဗီယက်နမ်နိုင်ငံသည် ယခုခင်နှစ်က အမေရိကန်ဒေါ်လာ ၇.၁ ဘီလီယံကျော် တန်ဖိုးရှိ ကျောက်မီးသွေး တန်ချိန် ၅၁ သန်းကျော် တင်သွင်းခဲ့ကြောင်း၊ သြစတြေးလျသည် တန်ချိန် သန်း ၂၀ ဖြင့် အများဆုံး တင်သွင်းခဲ့ပြီး ၎င်းနောက်တွင် အင်ဒိုနီးရှားနှင့် ရုရှားတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

လာအိုနိုင်ငံတွင် ကျောက်မီးသွေးအရန် အမြောက်အများရှိနေသော်လည်း နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း MOIT ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးဌာနမှ အဆိုအရ သိရှိရပါသည်။ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်မားမှုနှင့် အခြေခံ အဆောက်အအုံ အကန့်အသတ်များကြောင့် လာအိုနိုင်ငံမှ ကျောက်မီးသွေးသည် ပြိုင် ဆိုင်မှု နည်းပါးလျက်ရှိကြောင်း သိရှိရပါသည်။

MOIT သည် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက် လာအိုနိုင်ငံ၏ ကောင်းမွန် သည့် မူဝါဒများ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ဗီယက်နမ်ကုမ္ပဏီများအား လာအိုနိုင်ငံ၏ ကျောက်မီးသွေးတူးဖော်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့သည်။ ရေးဆွဲထားသော ကုန်သွယ်ရေးသဘောတူညီချက်သည် ဗီယက်နမ်နိုင်ငံအား တည်ငြိမ်သော ကျောက်မီးသွေး ထောက်ပံ့မှုရရှိစေမည်ဖြစ်ပြီး အနာဂတ်တွင် လာအိုမှ နှစ်စဉ် တန်ချိန် သန်း ၂၀ အထိ ရရှိနိုင်မည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News