International News

တရုတ်နိုင်ငံသည် ဘရူနိုင်းနိုင်ငံနှင့် ဒေသခွဲ စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်

Last Updated:

ဘရူနိုင်း-ကွမ်ရှီး စီးပွားရေးစင်္ကြံ (Brunei-Guangxi Economic Corridor-BGEC) ပူးတွဲ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ၄ ကြိမ်မြောက် အစည်းအဝေးကို ဘရူနိုင်းနိုင်ငံ၌ သြဂုတ်လ ၂၆ ရက်တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံနှင့် အရှေ့အာဆီယံဖွံ့ဖြိုးတိုးတက်မှုနယ်မြေ (East ASEAN Growth Area-EAGA) တို့အကြား ညှိနှိုင်းဆောင်ရွက်မှုတိုးမြှင့်ရန်နှင့် ဒေသတွင်း စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် ရည်ရွယ်၍ ကျင်းပပြုခဲ့ခြင်းဖြစ်သည်။

ဘရူနိုင်းနိုင်ငံ ၀န်ကြီးချုပ်ရုံး ဝန်ကြီး Haji Mohd Amin Liew က BGEC သည် ၎င်း စတင်တည် ထောင်ခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍ ဘရူနိုင်း နှင့် တရုတ်နိုင်ငံတို့သာမက အခြားအာဆီယံနိုင်ငံများ အကြား တက်ကြွသော တန်ဖိုးမြှင့် ထောက်ပံ့မှုကွင်းဆက်ကို ဖော်ဆောင်ရာ၌ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ဘရူနိုင်းဒါရုစလမ်နိုင်ငံအနေဖြင့် ၎င်း၏ စီးပွားရေးကို ပုံစံအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် စဉ်ဆက်မပြတ် လုပ်ဆောင်နေပါကြောင်း၊ အစားအသောက် လုပ်ငန်း၊ ရေအောက်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ICT လုပ်ငန်းများကဲ့သို့သော ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံမှ အရည် အသွေးပြည့် FDI များကို ကြိုဆိုပါကြောင်း အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ ကွမ်ရှီး (Guangxi) နှင့် ဘရူနိုင်းနိုင်ငံ (Brunei) တို့အကြား ဖွံ့ဖြိုးလာသော စက်မှု ပူးပေါင်းဆောင်ရွက်မှုသည် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသောအလားအလာကိုဖော်ဆောင်ပေးလျက်ရှိသည်။ အထူးသဖြင့် နှစ်နိုင်ငံ အရင်းအမြစ်များ မျှဝေခြင်းနှင့် ဗျူဟာမြောက်ပေါင်းစပ်ခြင်းတို့မှတစ်ဆင့် စက်မှုလုပ်ငန်းဆိုင်ရာ ထောက်ပံမှု ကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကြီးမားသော အလားအလာကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်သည်။

အဆိုပါအစည်းအဝေး၏ တွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ကွမ်ရှီးကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကော်မတီအတွင်းရေးမှူး Liu Ning က လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း BGEC ၏ အောင်မြင်မှုများကို မြင်တွေ့ခဲ့ရပါကြောင်း၊ ကွမ်ရှီးသည် တရုတ်နိုင်ငံနှင့် EAGA နယ်မြေတို့အကြား ဒေသခွဲပူးပေါင်းဆောင်ရွက်မှု၌ တက်ကြွစွာပါဝင်ဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ တရုတ်နိုင်ငံ၊ ကွမ်းရှီးနှင့် ဘရူနိုင်းနိုင်ငံတို့၏ အစိုးရနှင့် စီးပွားရေးကဏ္ဍ အသီးသီးမှကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ခဲ့သည်။ အစည်းအဝေးကာလအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အခမ်းအနားတစ်ခုကို ကျင်းပပြုလုပ်နိုင်ခဲ့သည်။

 

အရင်းမြစ်။ http://en.people.cn/n3/2024/0827/c90000-20210775.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ကူမင်းမြို့။

Category: International News