International News

တရုတ်၏ နိုင်ငံခြားကုန်သွယ်မှုသည် ဇူလိုင်လတွင် ဝယ်လိုအား အားကောင်းမှုနှင့်အတူ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့

Last Updated:

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယခုနှစ် ၂၀၂၄ ခုနှစ် ပထမ ခုနစ်လတာကာလအတွင်း ယွမ် ၂၄ ဒသမ ၈၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၆ ထရီလီယံ) သို့ ရောက်ရှိခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ (GAC) ၏ ထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးလည်ပတ်မှုသည် ယေဘုယျအားဖြင့် တည်ငြိမ်နေပြီး ၂၀၂၄ ခုနှစ် အစပိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု၌ အပြုသဘောဆောင်သော ဖွံ့ဖြိုးမှုလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း GAC ၏ ပြောရေးဆိုခွင့်ရှိသူ Lyu Dailiang က မှတ်ချက်ပြုခဲ့သည်။

အလားတူ ကာလနှိုင်းယှဉ်မှုအရ ပို့ကုန်တန်ဖိုးငွေ စုစုပေါင်း ယွမ် ၁၄ ဒသမ ၂၆ ထရီလီယံ ရှိခဲ့ပြီး ၆ ဒသမ ၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ သွင်းကုန်တန်ဖိုးမှာ ယွမ် ၁၀ ဒသမ ၅၇ ထရီလီယံ ရှိခဲ့ပြီး ၅ ဒသမ ၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးတိုးတက်လာခဲ့သည်။ ယင်း ခိုင်မာသောတိုးတက်မှုသည် ပြည်တွင်းဝယ်လိုအား အားကောင်းလာမှု၊ အဆင့်မြင့်ကုန်ထုတ် လုပ်မှုနှင့် ကမ္ဘာ့ကုန်သွယ်ရေး၌ ပြန်လည်ဦးမော့လာမှု တို့အပါအဝင် အကြောင်းရင်းများစွာကြောင့် ဖြစ်သည်ဟုယူဆကြသည်။

အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမခုနစ်လအတွင်း တရုတ်ယွမ် ၃ ဒသမ ၉၂ ထရီလီယံ အထိရှိလာသည်။ ယင်းသည် ၂၀၂၃ နှစ်ကထက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးလာပြီး နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၁၅ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်သည်။

အီးယူအနေဖြင့် တရုတ်လျှပ်စစ်ကားများအပေါ် ယာယီစည်းကြပ်ခွန်များ ချမှတ်ခဲ့ပြီးနောက် ကုန်သွယ်ရေးအငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း နှစ်ဖက်အကြားကုန်သွယ်မှုမှာ တရုတ် ယွမ် ၃ ဒသမ ၂၂ ထရီလီယံထိ ရှိခဲ့သည်။ ယင်းနောက် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုသည် တရုတ်ယွမ် ၂ ဒသမ ၇၂ ထရီလီယံ ရှိသည်။

Belt and Road Initiative တွင်ပါဝင်သည့် နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှု သည် ၂၀၂၄ ခုနှစ် ပထမခုနစ်လအတွင်း တရုတ်ယွမ် ၁၁ ဒသမ ၇၂ ထရီလီယံအထိ ရှိခဲ့ပြီး ၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ စက်ကိရိယာနှင့် လျှပ်စစ်ပစ္စည်းများ ကုန်သွယ်မှုသည် တရုတ်နိုင်ငံ၏ ပို့ကုန်စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းနီးပါးကို လွှမ်းမိုးထားနိုင်ခဲ့သည်။ ဇူလိုင်လတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ပမာဏသည် ယွမ် ၃ ဒသမ ၆၈ ထရီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိကုန်သွယ်မှုပမာဏနှင့် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ၎င်း၏အလား အလာများနှင့်ပတ်သက်၍ ကောင်းမွန်လာသည်ကို လေ့လာသူများက သုံးသပ်ခဲ့ကြပြီး ယင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ရန်အတွက် ကောင်းမွန်သည့် အခြေအနေဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

 

အရင်းမြစ်။ https://news.cgtn.com/news/2024-08-07/China-s-foreign-trade-picks-up-speed-in-July-due-to-strong-demand-1vS3ZHXXLgI/p.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News