International News

၈ လ တာကာလအတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန် ပထမအကြိမ် ကျဆင်းခဲ့

Last Updated:

ယခင်ဘဏ္ဍာနှစ်၏ ပို့ကုန်တန်ဖိုး အမြင့်ကိန်းဂဏန်းကို အခြေခံ၍ တွက်ချက်ထားမှုကြောင့် မတ်လအတွင်း ပို့ကုန်တန်ဖိုး ၁၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့မှုသည် ၈ လတာကာလအတွင်း ပထမအကြိမ်အဖြစ် ပို့ကုန်တန်ဖိုး ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မတ်လအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၄.၉ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၂၆.၁ ဘီလီယံ ဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁.၁၆ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့် လယ်ယာစက်မှုထုတ်ကုန်များ တင်ပို့ခဲ့မှု သည် အမေရိကန်ဒေါ်လာ ၄.၂၉ ဘီလီယံထိ ကျဆင်းခဲ့သဖြင့် အဓိက ကျဆင်းခဲ့သည့် ပို့ကုန်များဖြစ်ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ပြောကြားခဲ့ပါသည်။

ဆန်၊ ရာဘာ၊ စည်သွပ်နှင့် ပြုပြင်ပြီးအစားအသောက်၊ တိရစ္ဆာန်အစာ၊ စည်သွပ်နှင့် ပြုပြင်ပြီး သစ်သီး၊ အရသာမှုန်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ တင်ပို့မှုသည် အခြေအနေကောင်းခဲ့သော် လည်း ပီလောပီနံထုတ်ကုန်၊ တိရစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်အဆီများ၊ သကြား၊ လတ်ဆတ်၊ အေးခဲနှင့် သစ်သီးခြောက်များ တင်ပို့ခဲ့မှု ကျဆင်းခဲ့ပါကြောင်း၊ အလားတူ စက်မှုထုတ်ကုန်များ ဖြစ်သည့် လျှပ်စစ်ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ၊ သစ်နှင့် သစ်သားထုတ်ကုန်များ တင်ပို့မှု ကောင်းမွန်ခဲ့သော်လည်း မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ ဆီနှင့် ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ လေအေးပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ထရန်စစ္စတာနှင့် ဒိုင်အုတ်များ တင်ပို့မှု ကျဆင်းခဲ့ပါကြောင်း သိရှိရပါသည်။

အဓိက ဈေးကွက်များဖြစ်သည့် တရုတ်၊ ဂျပန်၊ ဥရောပသမဂ္ဂနှင့် အာဆီယံသို့ တင်ပို့ခဲ့မှုတွင် ကျဆင်းခဲ့ပြီး အမေရိကန်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်သို့ ပို့ကုန်တင်ပို့နိုင်ခဲ့မှု သည် မြင့်တက်ခဲ့ပါကြောင်း၊ ဒုတိယဈေးကွက်ဖြစ်သည့် အရှေ့အလယ်ပိုင်း၊ အာဖရိက၊ လက်တင်အမေရိက၊ ရုရှား၊ ဓနသဟာယနိုင်ငံများနှင့် ယူကေသို့ တင်ပို့ခဲ့မှု ကျဆင်းခဲ့သော် လည်း ဩစတြေးလျသို့ တင်ပို့ခဲ့မှု မြင့်တက်ခဲ့ပါကြောင်း၊ အခြားဈေးကွက်ဖြစ်သော ဆွစ်ဇာလန်သို့ တင်ပို့နိုင်ခဲ့မှုလည်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ဒုတိယလပတ်တွင် သစ်သီးခူးဆွတ်ရာသီ ရောက်လာပြီဖြစ်သဖြင့် သစ်သီးတင်ပို့မှု များမှတစ်ဆင့် ပို့ကုန်အခြေအနေအတက်ဖက်သို့ ရောက်လာနိုင်ကြောင်း၊ ထို့အတူ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများနှင့် သန့်ရှင်းသော စွမ်းအင်ထုတ်ကုန်ပစ္စည်းများလည်း ပို့ကုန်အခြေ အနေ ကောင်းမွန်လာနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ပို့ကုန်တိုးတက်မှုကို ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း ကြား ခန့်မှန်းထားပြီး ကျန်လများအတွင်း ပျမ်းမျှအားဖြင့် ၁ လလျှင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံရှိပါက ခန့်မှန်းချက်ကို ပြည့်မီနိုင်ကြောင်း ညွှန်ကြားရေးမှူး ချုပ်က သုံးသပ်ပြောကြားပါသည်။

မတ်လအတွင်း ပို့ကုန်ကျဆင်းခဲ့ခြင်းမှာ စိုက်ပျိုးရေးထုတ်ကုန်ဖြစ်သည့် ဒူးရင်းသီးသည် ဧပြီလကုန်သည်အထိ ခူးဆွတ်မှုနှောင့်နှေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဒုတိယလပတ်တွင် ဘတ်ငွေ တန်ဖိုးကျဆင်းနေခြင်းကြောင့် ဆန်၊ ရာဘာ၊ တိရစ္ဆာန်အစာနှင့် မော်တော်ကားတင်ပို့မှုများ၏ ပို့ကုန်သည် မြင့်တက်လာနိုင်ကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီ ဥက္ကဋ္ဌ Mr. Chaichan Chareo-nsuk က သုံးသပ်ပြောကြားပါသည်။

မတ်လအတွင်း ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ခြင်းသည် ပို့ကုန်ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး ပို့ကုန်အမယ် တစ်ခုချင်းစီ၏ လျော့နည်းတင်ပို့ခဲ့မှု၊ ဈေးကွက်အလိုက် လျော့နည်းတင်ပို့ခဲ့မှုတို့ ကြောင့်ဖြစ်ပါသည်။ ဒုတိယလပတ်တွင် သစ်သီးများ တင်ပို့ရာသီ‌ဖြစ်သောကြောင့် ပို့ကုန်သည် ကောင်းမွန်သော အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်ပြီး ဘတ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ၃၆ ဘတ် မှ ၃၇ ဘတ်ကြားရှိပြီး ဘတ်ငွေ တန်ဖိုးကျဆင်းနေပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News