International News

ဗီယက်နမ်ဆန် အမျိုးအစားကြောင့် ထိုင်းပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှု ဖြစ်လာစေ နိုင်

Last Updated:

ဈေးကွက်သဘောတရားများနှင့် ဗီယက်နမ်ဆန်အမျိုးအစား ပိုလျှံနေမှုကြောင့် ဧပြီလတွင်စတင်တော့မည့် စိုက်ပျိုးရာသီတွင် ဆန်ဈေးနှုန်း သိသိသာသာကျဆင်းနိုင်ကြောင်း ထိုင်းစိုက်ပျိုးရေး ပညာရှင်အသင်းက ပြောကြားလိုက်ပါသည်။

ဖေဖော်ဝါရီလတွင် ကုန်ဆုံးခဲ့သည့် ပထမသီးနှံရာသီတွင် ဆန်ဝယ်လိုအား ကြီးမားခဲ့မှုကြောင့် ဗဟိုဈေးကွက်တွင် ဆန်ဈေးနှုန်းသည် ၁ တန်လျှင် ဘတ် ၇,၀၀၀- ဘတ် ၈,၀၀၀ မှ ဘတ် ၁၂,၀၀၀- ဘတ် ၁၃,၀၀၀ ထိ မြင့်တက်ခဲ့ပြီး ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဈေးနှုန်း ကျဆင်းလာသဖြင့် ဒုတိယသီးနှံရာသီ၌ တောင်သူများအတွက် စိုးရိမ်စရာအခြေအနေဖြစ်လာနိုင်ပါ ကြောင်း၊ အဓိက အကြောင်းအရင်းမှာ ထွက်နှုန်းမြင့်မားပြီး စိုက်ပျိုးချိန်တိုတောင်းရုံသာမက ရာသီဥတုဒဏ်ခံနိုင်သော Khao Hom Phuang သို့မဟုတ် စပယ် ၈၆ ဗီယက်နမ်ဆန်အမျိုးအစားကို လူကြိုက်များလာခြင်းကြောင့် ဖြစ်ကြောင်း အသင်း၏ ဥက္ကဋ္ဌ Mr. Pramote Charoensilp က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ ယခုရာသီအတွင်း ဗီယက်နမ်အမျိုးအစား ရိုင် (Rai) သန်းချီ စိုက်ပျိုးနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ ထိုင်းဆန်စက်အသင်းက အဆိုပါ အမျိုးအစားသည် အဖြူမှိုင်းအရောင်ဖြစ်ပြီး ကြိတ်ခွဲပါက အလွယ်တကူကျိုးပဲ့သည်ဟု ပြောကြားပါကြောင်း၊ အသင်းအနေဖြင့် တောင်သူများကို ယင်းစပါးအမျိုးအစားမစိုက်ပျိုးရန် တိုက်တွန်းလိုပါကြောင်း၊ ဆန်ဈေးနှုန်းကျဆင်းရခြင်း၏ အခြားသော အကြောင်းအရာများနှင့် ထိုင်းနိုင်ငံတွင်း အခြားသော နိုင်ငံခြား ဆန်မျိုးစိတ်များ စိုက်ပျိုးနေခြင်း ရှိ-မရှိ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနမှ စုံစမ်းစစ်ဆေးပေးစေလိုကြောင်း ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။

ဗီယက်နမ်ဆန်အမျိုးအစားသည် ဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသေးပါကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် တောင်သူများ၏ လိုအပ်ချက်အတိုင်း မျိုးစေ့မထောက်ပံ့ပေးနိုင်သဖြင့် နိုင်ငံခြားမျိုးများကို အစားထိုး စိုက်ပျိုးလာကြခြင်းဖြစ်ကြောင်း၊ ဦးစီး ဌာနအနေဖြင့်လည်း ထိုင်းဆန်မျိုးကွဲများကို လူကြိုက် များလာစေရေးအတွက် ကြိုးပမ်းလျက်ရှိပါကြောင်း ဆန်ဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ် Mr. Natthakit Khongthip က ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့ဆန်တင်ပို့မှုတွင် အဆင့် ၂ နေရာတွင်ရှိသော ထိုင်းနိုင်ငံ၏ ဆန်စပါးကဏ္ဍတွင်လည်း မျိုးစေ့မလုံလောက်မှု အခြေ အနေကြုံတွေ့နေရကြောင်း တွေ့ရှိရပါသည်။ သို့သော် ထိုင်းနိုင်ငံသည် ဆန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးမှုတိုးတက်မှု ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ဆန်တင်ပို့သူ ထိပ်တန်းစာရင်းတွင် ပါဝင်နိုင်‌ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ 

 

Source: www.bangkok.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News