International News

အမေရိကန်နိုင်ငံ၌ ဆယ်မိုနဲလား အန္တရာယ်ကြောင့် သီဟိုဠ်စေ့ထုတ်ကုန်အချို့ ပြန်လည် သိမ်းဆည်း

Last Updated:

အမေရိကန်နိုင်ငံ၌ Trader Joe ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးသည့် ဆားဖြင့်လှော်ထားသော သီဟိုဠ်စေ့ထုပ်များအနက် တစ်ထုပ်တွင် ဆယ်မိုနဲလား ဘက်တီးရီးယား ပါဝင်မှုရှိသည်ကို အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့အပြီး ဈေးကွက်အတွင်းမှ သီဟိုဠ်စေ့ထုပ်များကို ပြန်လည်သိမ်းဆည်းနေရကြောင်း CBS သတင်းဌာန၏ ၁၉-၃-၂၀၂၄ နေ့ ဖော်ပြချက်အရ သိရှိရပါသည်။

ယခုလအတွင်း Trader Joe ကုမ္ပဏီ၏ ဈေးကွက်အတွင်းမှ သီဟိုဠ်စေ့ထုပ်များ ပြန်လည်သိမ်းဆည်းမှုမှာ ဒုတိယမြောက်ဖြစ်ပြီး မတ်လအစောပိုင်းကလည်း အလေးချိန်အားဖြင့် ပေါင် ၆၁ဝဝဝ ကျော်ရှိသော ကြက်သားဖက်ထုပ်ပေါင်း အထုပ်များတွင် ပလပ်စတစ်အမာစများ ပါဝင်နိုင်သည့်အလားအလာများရှိနေခြင်းကြောင့် အဆိုပါပစ္စည်းများကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းခဲ့ရပါသည်။

ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခဲ့သော သီဟိုဠ်စေ့ထုပ်များကို ကယ်လီဖိုးနီးယား ပြည်နယ်၊ Dublin မြို့အခြေစိုက် Wenders LLC က Trader Joe ကုမ္ပဏီအတွက် သီးသန့်ထုပ်ပိုး၍ ဖြန့်ချီပေးခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ်ပေါင်း ၁၆ ခု၌ ရောင်းချခဲ့ခြင်းဖြစ် သည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့၏ ကြေညာချက်အရ အဆိုပါ ပြည်နယ်များတွင် သီဟိုဠ်စေ့ကြောင့် နာမကျန်းဖြစ်မှု အစီရင်ခံတင်ပြခြင်းမရှိသေးကြောင်း သိရှိရပါသည်။ Trader Joe ကုမ္ပဏီ၏ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းသည့် ကြေညာလွှာ တစ်ခုတွင်ဝယ်ယူသူများအနေဖြင့် အိတ်ပေါ်တွင် 37884 SKU နံပါတ်နှင့်အတူ ကုန်ထုတ်လုပ်မှု အမှတ်စဉ်နံပါတ်များ ဖြစ်သည့် T12139 ၊ T12140 ၊ T12141 နှင့် T12142 တို့ပါဝင်ပြီး အိန္ဒိယနိုင်ငံ သို့မဟုတ် ဗီယက်နမ်နိုင်ငံတို့ကို ပင်ရင်းနိုင်ငံအဖြစ် ဖော်ပြထားသော သီဟိုဠ်စေ့များကို ဝယ်ယူခဲ့ပါက စွန့်ပစ်ခြင်း သို့မဟုတ် Trader Joe ကုမ္ပဏီ၏ မည်သည့်ရုံးခွဲတွင်မဆို ပြန်လည်ပေးပို့လျက် ပြန်အမ်းငွေ အပြည့်အဝရယူခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားပါသည်။

ဆယ်မိုနဲလားသည် လူနှင့်တိရစ္ဆာန်တို့၏ အူလမ်းကြောင်းကို ဒုက္ခဖြစ်စေသည့် ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပြီး ဆယ်မိုနဲလားအဆိပ်သင့်ပါက အသက် (၅) နှစ်အောက် ငယ်ရွယ်သူ ကလေးများ၊ အသက်ကြီးသူများနှင့် ခုခံအားစနစ်နည်းသူများကို ပြင်းထန်စွာနာမကျန်းဖြစ်စေ နိုင်ကြောင်း၊ ဆယ်မိုနဲလားပါဝင်သော အစားအစာကို စားသုံးမိပါက ၁၂ နာရီမှ ၃ ရက်အတွင်း ဝမ်းသွားခြင်း၊ ဖျားနာခြင်းနှင့် ဗိုက်နာဗိုက်အောင့်ခြင်း စသည့် ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ် လေ့ရှိကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၌ နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့သော ဆယ်မိုနဲလား အဆိပ်သင့်မှုဖြစ်စဉ် တွင် ပြည်နယ် ၂၂ ခု၌ လူဦးရေ ၇၃ ဦးတို့မှာ နာမကျန်းဖြစ်ခဲ့ကြပြီး ၁၅ ဦးမှာ ဆေးရုံတက်ရောက် ကုသခဲ့ရသည်။ ၎င်းဖြစ်စဉ်သည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ စားသောက်ကုန်ထုတ်လုပ်ငန်းတစ်ခုမှ ရောင်းချခဲ့သည့် အသင့်သုံးစွဲနိုင်သော လှီးဖြတ်ထုပ်ပိုးပြီး ကြက်သွန်နီများနှင့် ဆက်နွယ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ရက်သတ္တပတ်တွင်လည်း ပြည်နယ်ပေါင်း ၃ဝ ၌ Walmart ဆိုင်များနှင့် အွန်လိုင်းတို့မှ တစ်ဆင့်ရောင်းချခဲ့သော သီဟိုဠ်စေ့များ၌ John B Sanfilippo & Son မှထုတ်လုပ်သည့် ဓာတ်မတည့်စေသော အမည်မသိနို့နှင့် အုန်းသီးပါဝင်မှုတို့ကြောင့် ဈေးကွက်အတွင်းမှ  ပြန်လည်သိမ်းဆည်းခဲ့ရကြောင်း သိရှိရပါသည်။

Source: CBS News, 19 March, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News