International News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ၁၂ လ ဆက်တိုက် တိုးတက်မှုရှိလာခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ၂-၁၀-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ကုန်သွယ်မှုကိန်းဂဏန်းများအရ  တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်အလားတူကာလကထက် တိုးတက်တင်ပို့နိုင်ခဲ့သည်မှာ ၁၂ လဆက်တိုက် ရှိပြီဖြစ်ပါသည်။

နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် ချစ်ပ်ပြားများ တင်ပို့မှုမြင့်မားလာသည့်အတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတင်ပို့မှုသည် ယခင်နှစ်အလားတူကာလကတင်ပို့မှုပမာဏထက် ၇.၅ ရာခိုင် နှုန်း မြင့်မားကာ ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၈.၇ ဘီလီယံ ရရှိခဲ့ကြောင်း၊ သွင်းကုန် တင်သွင်းမှုသည်လည်း  ယခင်နှစ် အလားတူကာလကထက် ၂.၂ ရာခိုင်နှုန်း မြင့်မားခဲ့သော် လည်း ပို့ကုန်တင်ပို့မှုသည် သွင်းကုန်တင်သွင်းမှုပမာဏထက် ပိုမိုခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ ၆.၆၆ ဘီလီယံ ပိုငွေပြခဲ့ကြောင်း၊ ယင်းသို့ ကုန်သွယ်မှုပိုငွေပြခဲ့သည်မှာ ၁၆ လဆက်တိုက်ရှိပြီဖြစ်ပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါသည်။

ကဏ္ဍအလိုက်တိုးတက်တင်ပို့နိုင်မှုကို ဖော်ပြရာတွင် ချစ်ပ်ပြားများ တင်ပို့မှုသည် ၃၇.၁ ရာခိုင် နှုန်း မြင့်မားလာပြီး အမေရိကန်ဒေါ်လာ ၁၃.၆ ဘီလီယံတိုးတက်ရရှိခဲ့ပါကြောင်း၊ ယခင်နှစ် အ လားတူကာလကတင်ပို့မှုထက် တိုးတက်လာခဲ့သည်မှာ ၁၁ လ ဆက်တိုက်ရှိပြီဖြစ်ပါကြောင်း၊ Smart Phones အသစ်များထုတ်လုပ် ရောင်းချခြင်းနှင့် ဉာဏ်ရည်တု ဝန်ဆောင်မှု (Artificial Intelligence Services) ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း၊  စက်တင်ဘာလအတွင်း ကမ္ဘာ့ဈေးကွက်တွင် DRAM  နှင့် NAND (PC ကွန်ပျူတာ၊ server နှင့် smartphone များတွင် အသုံးပြုသည့် High-Volume, Commodity Memory Semi-Components) ပစ္စည်းဈေးနှုန်းများ မြင့်မားနေခြင်းတို့ကြောင့်လည်း ပို့ကုန်ဝင်ငွေကို မြင့်မားစေကြောင်း၊ ကားများတင်ပို့ရမှုလည်း ၄.၉ ရာခိုင်နှုန်း မြင့်မားလာပြီး အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံအထိ ရရှိခဲ့ကြောင်း၊ ယခင်နှစ် စက်တင်ဘာလက ရုံးဖွင့်ရက်များနှင့် နှိုင်းယှဉ်လျှင် ရုံးဖွင့်ရက်နည်းသော်လည်း  မြောက်အမေရိကဈေးကွက်မှ Hybrid Models ကားများကို ဝယ်လိုအားများလာသည့်အတွက် တင်ပို့မှုဝင်ငွေမြင့်မားလာပါကြောင်း၊ ဓါတ်ငွေ့ရည်တင်သည့် သင်္ဘောများအပါအဝင်  အဆင့်မြင့်သင်္ဘောများ၊ ကွန်ပျူတာများ၊ Smartphone များ တင်ပို့မှုလည်း မြင့်မားခဲ့ပါကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံ၊ အမေရိကန် ပြည်ထောင်စုနှင့် အီးယူနိုင်ငံများသို့ တင်ပို့မှုမြင့်မားခဲ့ပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။

သို့သော် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ကျဆင်းသည့်အတွက် ရေနံထွက်ပစ္စည်းများ တင်ပို့မှု ဝင်ငွေကျဆင်းခဲ့ကြောင်း၊ စတီးလ်တင်ပို့မှုလည်း ကျဆင်းခဲ့ပါကြောင်း၊ ကမ္ဘာ့စတီးလ်ဈေးကွက် တွင် ယှဉ်ပြိုင်နိုင်မှုမြင့်မားနေသည့်အတွက် တင်ပို့မှု ကျဆင်းခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေ ဖြင့် ပို့ကုန်တင်ပို့မှုနှင့်စပ်လျဉ်းသည့် စိုးရိမ်စရာများ (အရှေ့အလယ်ပိုင်းဒေသရှိ ပထဝီနိုင်ငံရေးရာမသေချာမရေရာမှုများနှင့် အမေရိကန်ပြည်ထောင်စုအရှေ့ဘက်ကမ်းရိုးတန်းဆိပ်ကမ်းများတွင် ဆန္ဒပြမှု စသည်တို့ကိုပါ ထည့်သွင်းစဉ်းစား၍) ဂရုတစိုက်ဖြေရှင်းသွားမည်ဖြစ်ပါကြောင်း၊ အရေးပေါ်အခြေ အနေကြုံတွေ့လာရပါက အစိုးရသည် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ အထူးစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းကာ ပို့ကုန်တင်ပို့မှုအပေါ် အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများကို လျှော့ချသွားရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဝန်ကြီး Mr. Ahn Duk-geun က‌ ပြောကြားခဲ့ပါသည်။

 

 

Source: https://www.koreatimes.co.kr/www/biz/2024/10/602_383413.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News