International News

ဗီယက်နမ်နိုင်ငံ နိုင်ငံတကာကုန်စည်ပြပွဲ ၂၀၂၄ ကို ဟနွိုင်းတွင် စတင်ကျင်းပ

Last Updated:

ဗီယက်နမ် နိုင်ငံတကာကုန်စည်ပြပွဲ (Vietnam Expo 2024) ကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ဧပြီလ ၃ ရက်က စတင်ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ စီးပွားရေးလုပ်ငန်း ၄၈၀ ခု ပြသခဲ့ကြသည်။ ၃၃ ကြိမ်မြောက်ပြပွဲတွင် ပြခန်းပေါင်း ၆၀၀ နီးပါး ပါဝင်ပြီး ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

အဆိုပါ ၄ ရက်တာ ကျင်းပသွားမည့် ကုန်စည်ပြပွဲတွင် ပုံမှန်ပရိုမိုးရှင်း ဆောင်ရွက်မှုများ၊ ထုတ်ကုန်ပြပွဲများနှင့် ကုန်သွယ်မှု ချိတ်ဆက်မှုများအပြင်၊ ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်ရန်အတွက် အွန်လိုင်းပလက်ဖောင်းမှတဆင့် စီးပွားရေးလုပ်ငန်းအချင်းချင်း (B2B) ကို ချိတ်ဆက်နိုင်ရန်လည်း ဆောင်ရွက်ပေးလျက် ရှိသည်။

ပြပွဲပြသသူများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများနှင့် သက်ဆိုင်သည့် အချက်အလက်၊ ရုပ်ပုံများနှင့် ဗီဒီယိုများကို ဒစ်ဂျစ်တယ်ပလပ်ဖောင်းများပေါ်သို့ (upload) တင်နိုင်ပြီး တစ်နှစ်တာလုံး တွင် လာရောက်သူများနှင့် တိုက်ရိုက်အပြန်အလှန် ဆက်သွယ်မှုများ ပြုလုပ်နိုင်ကြောင်း သိရှိရပါသည်။

ပြပွဲတွင် အိန္ဒိယ၊ တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ရုရှားနှင့် တရုတ်တို့ကဲ့သို့ နိုင်ငံအတော်များများမှ ၎င်းတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပြသခဲ့ကြသည်။ ၎င်းသည် ဗီယက်နမ်ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွဲဆောင်မှုရှိပြီး နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကုန်သွယ်မှု ဆက်ဆံရေးကို တိုးမြှင့်ရာတွင် အထောက်အကူဖြစ်စေသည်။

ကုန်စည်ပြပွဲအနေဖြင့် ဟနွိုင်းမြှင့်တင်ရေးအေဂျင်စီ (HPA) ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလာရေးဆိုင်ရာ ပြခန်းသည် ဟနွိုင်း၏ အားသာချက်၊ အလားအလာနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများ၊ ဟနွိုင်းစီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်နှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ရန် ပြသ သည့် နေရာတစ်ခုဖြစ်သည်။

ကုန်စည်ပြပွဲတွင် ပြည်ပပို့ကုန်များအတွက် အရည်အသွေးမြင့်ကုန်ပစ္စည်းများနှင့်တစ်ပြည်နယ် ထုတ်ကုန်တစ်မျိုး (One Commune One Product) ထုတ်ကုန်များကို ပြပွဲတွင် ခင်းကျင်းပြသထားကြောင်း၊ကုန်စည်ပြပွဲအတွင်း ထောက်ပံ့မှု ဝယ်လိုအားချိတ်ဆက်မှုဆိုင်ရာပွဲများ၊ ဆွေးနွေးပွဲများ၊ ဖိုရမ်များပါဝင်မည်ဖြစ်ပြီး ကုန်စည်ပြပွဲသို့ လာရောက်ကြည့်ရှုသူ ၂၀,၀၀၀ ရှိမည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

အဆိုပါ ၃၃ ကြိမ်မြောက် ဗီယက်နမ်နိုင်ငံတကာကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ကုမ္ပဏီ ၄ ခု ဖြစ်သည့် A1 Family၊ Golden Myanmar Honey company ၊ Public company ၊ Shwe Zee Kwat Food Manufacturing and International Export ကုမ္ပဏီတို့ ပါဝင်ပြသလျက်ရှိကြောင်းနှင့် ပြပွဲအား ဧပြီလ ၆ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News