Local News

မအူပင်မြို့နယ်၌ ရှမ်းပြည်နယ်မှဝင်ရောက်လာသည့်ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ ရှမ်းပြည်နယ်မှဝင်ရောက်လာသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ   ဒေါ်မိုးမိုးဝင်း၏ ပြောပြချက်အရ သိရသည်။မအူပင်မြို့နယ်သို့ ရှမ်းပြည်နယ်မှ ထွက်ရှိသည့်ကြက်သွန်နီများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး မတ်လ ပထမပတ်မှစ၍ အရောင်းအဝယ် ကောင်းမွန်နေကြောင်းနှင့် လက်ရှိ ကြက်သွန်နီပိဿာချိန် ၁၀၀ လျှင်  ငွေကျပ်  ၄၂၀၀၀၀  အထိ  ဈေးရှိကြောင်း သိရသည်။

“ရှမ်းပြည်နယ်ဘက်မှာ အရင်နှစ်တွေကထက် ဒီနှစ်မှာ ကြက်သွန်နီအထွက် နှုန်းနည်းတယ်လို့ သိရပါတယ်။ အဲဒီဘက်မှာ အထွက်နှုန်းနည်းနေပေမယ့် ဧရာဝတီတိုင်းဒေသကြီးကိုတော့ ကြက်သွန်နီ ပုံမှန်အဝင်ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးကို တခြားဒေသတွေကနေ ကြက်သွန်နီ တင်ပို့တာတော့ နည်းပါတယ်။ လက်ရှိပေါက်နေတဲ့ ကြက်သွန်နီဈေးကလည်း သင့်တင့်တယ်လို့ ပြောရမယ်။ ဈေးကွက်ထဲမှာ ကြက်သွန်နီပိဿာချိန် တော်တော်များများ အရောင်းအဝယ်ဖြစ်နေတယ်။ ပွင့်လင်းရာသီ ရောက်လာတာနဲ့အမျှ ကြက်သွန်နီ အရောင်းအဝယ်ကောင်းလာပါတယ်။ အလှူအတန်းလုပ်တဲ့ ကာလတွေဆို  ပိုပြီးအရောင်းသွက်လာဖို့ပဲ ရှိပါတယ်။ တစ်ပတ်ကို  ကြက်သွန်နီပိဿာချိန်   ၁၀၀၀   နဲ့ အထက်  အရောင်းအဝယ်ဖြစ်နေတယ်” ဟု ဒေါ်မိုးမိုးဝင်းက ပြောသည်။

မအူပင်မြို့နယ်၌ တစ်ပတ်လျှင် ကြက်သွန်နီပိဿာချိန် ၁၀၀၀ မှ ၁၄၀၀ အထိ အရောင်းအဝယ်ဖြစ်နေပြီး အရောင်းအဝယ်ကောင်းသောကြောင့် ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်တင်ကုန်ချလုပ်သားများနှင့် ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။                        

Source: https://www.myawady.net.mm

Category: Local News