International News

ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပထမ ၆ လအတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံနှင့် တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ယခုနှစ် ပထမ ၆ လအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရောက်ရှိလာကြောင်း Vn Economy အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

ကမ္ဘာ့စီးပွားရေးအခက်အခဲများနှင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံ ကြားကုန်သွယ်မှုမှာ အထင်ကြီးလောက်စရာ ပြန်လည်ကောင်းမွန်လာကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်၊ အကြီးဆုံး သွင်းကုန်ဈေးကွက်နှင့် ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ဖော်ပြထားပါ သည်။

အထွေထွေစာရင်းအင်းရုံး၏ နောက်ဆုံးပြုပြင်ထားသည့် စာရင်းများအရ ယခုနှစ် ပထမနှစ် ဝက်တွင် ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၇.၈ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၅.၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။ ပြန်လည်သုံးသပ်သည့် ကာလအတွင်း ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ၃၄.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါကာလအတွင်း ဗီယက်နမ်သည် တရုတ်နှင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃၉.၂ ဘီလီယံရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၆၇.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အာဆီယံ - တရုတ် လွတ်လပ်သောကုန်သွယ်မှုနယ်မြေ (ACFTA) နှင့် ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကဲ့သို့သောကုန်သွယ်မှုသဘောတူညီချက်များကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး (CPTPP) သဘောတူညီချက် (CPTPP) တွင် ပါဝင်ရန် လျှောက်ထားဆဲဖြစ်ကြောင်းဖော်ပြထားသည်။

ပေကျင်းရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အဆိုအရ တရုတ်စီးပွားရေးသည် အပြုသဘောဖြင့် ပြန်လည်ကောင်းမွန်လာကြောင်း၊ တရုတ်အစိုးရသည် ထုတ်ကုန်များ အရည်အသွေး စံချိန်စံညွှန်းများနှင့် ကိုက်ညီပါက ဈေးကွက်သို့ တင်ပို့နိုင်မှု အခြေအနေများ ဖန်တီးပေးမည့် သွင်းကုန်ပို့ကုန် စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများကို ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ ပို့ကုန်တိုးမြှင့်ရန် အခွင့်အလမ်းများစွာရှိကြောင်း ကုန်သွယ်ရေးရုံးက ဆွေးနွေးထောက်ပြခဲ့သည်။ တရုတ်စီးပွားရေးလုပ်ငန်းများသည် ကုန်ထုတ် လုပ်ငန်းနှင့် စိုက်ပျိုးထုတ်လုပ်သည့် ထုတ်ကုန်များ အထူးသဖြင့် ဒူးရင်း၊ ဖရဲသီးနှင့် ငှက်ပျောသီး ကဲ့သို့သော သစ်သီးဝလံများကို ဗီယက်နမ်မှဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါသည်။

လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန် တစ်ဒါဇင်ခန့် တင်ပို့လျက်ရှိပြီး အုန်းသီးလတ်လတ်ဆတ်ဆတ်နှင့် အေးခဲထားသော ဒူးရင်းသီးများ တင်ပို့ရန် အတွက် အပြီးသတ်သဘောတူညီမှု ရရှိနေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News