ထိုင်းနိုင်ငံ ဆန်စပါးမူဝါဒကော်မတီသို့ တောင်သူများအား ထောက်ပံ့ပေးရန် အဆိုပြုမည့် အစီအမံများနှင့်အတူ Hom mali ရိတ်သိမ်းရာသီသစ်အား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။
စပါးစိုက်တောင်သူများရရှိသည့် ရောင်းဈေးသည် အစိုးရသတ်မှတ်ဈေးနှုန်းအောက် လျော့နည်း မှုမရှိစေရေးအတွက် မူဝါဒရှိပါကြောင်း၊ Thung Kula Rong Hai Hom mali ဆန်ထွက်ရှိရာ Roi Et ပြည်နယ်သို့ ဝန်ကြီးသွားရောက်ခဲ့သည့် ခရီးစဉ်၌ တောင်သူများသည် စပါးခင်းများကို စတင်ရိတ်သိမ်းနေသည်ကို တွေ့ရှိခဲ့ပါကြောင်း၊ စိုထိုင်းမှု ၁၅ ရာခိုင်နှုန်းရှိသော Hom mali ၏ ဈေးကွက်ပေါက်ဈေးသည် ၁ တန်လျှင် ဘတ် ၁၄,၈၀၀ မှ ၁၅,၀၀၀ ခန့်ရှိပါကြောင်း၊ သို့သော် ရိတ်သိမ်းပြီးချိန်၌ စိုထိုင်းမှုသည် ၂၅ ရာခိုင်နှုန်းသို့ ရောက်ရှိသဖြင့် ရောင်းဈေးသည် ၁ တန်လျှင် ဘတ် ၁၂,၀၀၀ မှ ၁၂,၅၀၀ ကြား ရှိပါကြောင်း၊ လက်ရှိတွင် ဈေးကွက်ပေါက်ဈေးသည် ၁ တန်လျှင် ဘတ် ၁၁,၀၀၀ ဖြစ်သောကြောင့် သင့်တင့်သော ဈေးနှုန်းအောက်နည်းနေသည်ဟု ယူဆရပါကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Mr. Wittayakorn Maneenetr က ပြောကြားခဲ့ပါသည်။
ထို့ကြောင့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး သမဝါယမဘဏ်တို့ပူးပေါင်း၍ Hom mali စပါး စိုထိုင်းမှု ၂၅ ရာခိုင်နှုန်းဖြင့် ရောင်းချခြင်းကို ၅ လခန့်ရွှေ့ဆိုင်း၍ ဈေးနှုန်းသင့်တင့်သည့် အချိန်ရောက်မှသာ ရောင်းချနိုင်ရေးအတွက် တောင်သူများကို ချေးငွေထုတ်ပေးသည့် အစီအစဉ်ကို ကော်မတီသို့ အဆိုပြု သွားမည်ဖြစ်ကြောင်း၊ Hom mali ၏ အရည်အသွေး ထိန်းထားရန်၊ တန်ဖိုးတိုးမြှင့်ရန်နှင့် စိုက်ပျိုးမှု စံနှုန်းများမြှင့်တင်ရန် ဆန်စပါး ယှဉ်ပြိုင်ပွဲနှင့် ဈေးကွက်ကွန်ယက်တိုးချဲ့မှုစသည်တို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့် ဈေးနှုန်းမမျှတသည်ကို တွေ့ရှိပါက ဦးစီးဌာန၏ Hotline နံပါတ် ၁၅၆၉ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ ၂၀၂၄-၂၀၂၅ ရိတ်သိမ်းရာသီတွင် တန်ချိန် ၃၄ သန်းထိရောက်ရှိခဲ့ကြောင်း Mr. Wittayakorn က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။