ထိုင်းနိုင်ငံအတွင်း စားသုံးဆီထုတ်လုပ်သူများ၏ ထုတ်လုပ်သည့် ကုန်ကျစရိတ်အပေါ် သက် ရောက်သည့် အချက်များမရှိသဖြင့် လက်လီဈေးနှုန်းကို မြင့်တက်ခြင်းမပြုရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရှိရပါသည်။
ပဲပုတ်ဆီထုတ်လုပ်သူများက ပဲပုတ်ဆီပုလင်းများ၏ ဈေးနှုန်းများ မြင့်တက်ရန် စီစဉ်လျက်ရှိ သည့် သတင်းထွက်ပေါ်လာပြီးနောက် ပဲပုတ်ဆီဈေးနှုန်း မြင့်တက်ခြင်းမပြုရန် ပြည်တွင်းကုန်သွယ်မှု ဦးစီးဌာနက ပဲပုတ်ဆီနှင့် ဖွဲနု ဆီထုတ်လုပ်သူများအသင်းသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း၊ ဈေးနှုန်းမြင့်တက်ခြင်း၊ သိုလှောင်ခြင်းနှင့် ယင်းထုတ်ကုန်များကို ရောင်းချရန် ငြင်းပယ်ခြင်းများ တွေ့ရှိပါက ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းဥပဒေ ၁၉၉၉ ကို ချိုးဖောက်သည်ဟု မှတ်ယူမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် ဈေးနှုန်းမြင့်မာခြင်း သို့မဟုတ် မမျှတသည့်ပုံစံများ တွေ့ရှိရပါက ဦးစီးဌာန၏ Hotline နံပါတ် ၁၅၆၉ သို့ တိုင်ကြားနိုင်ကြောင်း၊ ဦးစီးဌာနသည် လက်လီ/လက်ကားဆိုင်များနှင့်ပူးပေါင်း၍ ကုန်ပစ္စည်းများကို ဈေးနှုန်းလျှော့ချစေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Goranij Nonejuie က ပြောကြားခဲ့ပါသည်။
ဦးစီးဌာနသည် ပြည်နယ်စီးပွားရေးရုံးများနှင့် ပူးပေါင်း၍ ပဲပုတ်ဆီ ဈေးနှုန်း မြင့်တက်ခြင်းမှ ကာကွယ်နိုင်ရေးအတွက် ဈေးနှုန်းများကို စောင့်ကြည့်လျက်ရှိပါကြောင်း၊ စားအုန်းဆီနှင့်စပ်လျဉ်း၍ လက်ကျန်ပစ္စည်းများသည် စားသုံးရန်နှင့် လောင်စာထုတ်လုပ်ရန် လုံလောက်သောကြောင့် ရောင်းဈေးကို တတ်နိုင်သမျှ ထိန်းထားရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စားအုန်းဆီကြိတ်ခွဲအသင်းနှင့် ပူးပေါင်း၍ လက်ကျန်ကို ထိန်းထားရန်နှင့် စားသုံးသူများအတွက် ဈေးနှုန်း ချိန်ဆမှုကို နှောင့်နှေးစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ စားအုန်းဆီဈေးနှုန်းကို တည်ငြိမ်စေရေးအတွက် ပို့ကုန်များကို ရပ်ဆိုင်း ထားရန်လည်း အသင်းအနေဖြင့် သဘောတူပါကြောင်း၊ ဈေးနှုန်း မြင့်တက်မှုကို ကာကွယ်ရန်အတွက် ဈေးကစားသူများသည် ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ သို့မဟုတ် ဒဏ် ၂ ရပ် လုံး ကျခံရမည်ဖြစ်ကြောင်း ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Wittaya Maneenet က ဖြည့်စွက်ပြော ကြားခဲ့သည်။
Source: www.bangkokpost.com ၊
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။