International News

ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့မှ ကမ္ဘာလုံးဆိုင်ရာငွေရေးကြေးရေးဖိုရမ် နိုဝင်ဘာလ၌ စီစဉ်ကျင်းပသွားမည်

Last Updated:

ကမ္ဘာတစ်လွှားမှ ထိပ်တန်းဘဏ်လုပ်ငန်းရှင်များနှင့် ငွေရေးကြေးရေးလုပ်ငန်း အမှုဆောင် အရာရှိများ ပါဝင်တက်ရောက်ကြမည့် အဆင့်မြင့် ငွေရေးကြေးရေးဆိုင်ရာ ညီလာခံတစ်ရပ်ကို လာမည့် နိုဝင်ဘာလတွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ ဗဟိုဘဏ်ဖြစ်သည့် ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့ (HKMA) မှ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “HKMA to host global Financial forum in November” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

HKMA မှ နှစ်စဉ်ကျင်းပပြုလုပ်သည့် အဆိုပါအစည်းအဝေးကို တတိယအကြိမ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ငွေရေးကြေးရေးလုပ်ငန်း ဦးဆောင်သူများ၏ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်ဟု HKMA  အမှုဆောင်အရာရှိချုပ် Eddie Yue Wai-Man က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

HKMA အနေဖြင့် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေး လုပ်ငန်းများမှ ဦးဆောင်သူများအတွက် အစည်းအဝေးဖိတ်စာများ ဖြန့်ဝေထားပြီးဖြစ်ပြီး၊ ငွေရေးကြေးရေးလုပ်ငန်းမှ ဦးဆောင် သူ ၆၀ က တက်ရောက်ရန် (သို့မဟုတ်) စိတ်ပါဝင်စားကြပြီး၊ ကျန်လုပ်ငန်းအဖွဲ့အစည်းမှ အကြောင်း ပြန်ကြားလာရန် မျှော်လင့်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအနေဖြင့် ကိုဗစ်-၁၉ ကန့်သတ်ပိတ်ပင်မှုများ ပယ်ဖျက်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်ဆွေးနွေးပွဲသို့ လုပ်ငန်းများမှ အမှုဆောင် အရာရှိ ၂၀၀ ကျော်နှင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်ဆွေးနွေးပွဲသို့ အမှုဆောင်အရာရှိ ၃၀၀ ကျော်နှင့် Morgan Stanley နှင့် Standard Chartered အပါအဝင် လုပ်ငန်းပေါင်း ၉၀ မှ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ယခုနှစ်ကျင်းပမည့် တတိယအကြိမ်အစည်းအဝေးကို ယခင်နှစ်အစီအစဉ်ကဲ့သို့ အစည်းအဝေး ပထမနေ့တွင် တံခါးပိတ် ညစာစားပွဲကျင်းပမည်ဖြစ်ပြီး၊ ဒုတိယနေ့တွင် ဘဏ်နှင့် ငွေရေးကြေး ရေးကိစ္စရပ်များကို ဆွေးနွေးမည့်ဖိုရမ်ကျင်းပသွားမည်ဖြစ်သည်ဟု Yue ကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အစည်းအဝေး တတိယနေ့အစီအစဉ်ကို Yue က ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း တတိယနေ့ကို ဒုတိယအကြိမ်တွင် ပြုလုပ်ခဲ့သည့်အတိုင်း Asset Management နှင့်စပ်လျဉ်းသည့် ဖိုရမ်တစ်ခု ကျင်းပသွားနိုင်ကြောင်းနှင့် အစည်းအဝေးကို ဝမ့်ချိုင်ရှိ ဟိုတယ်တစ်ခု၌ ကျင်းပသွားဖွယ်ရှိသည်ဟု ရင်းမြစ်တစ်ခုမှ ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

 

Category: International News