Local News

ကျိုက်မရော၌ ပိန်းဥပင်များ ဈေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများပြား

Last Updated:

မွန်ပြည်နယ် ကျိုက်မ‌ရောမြို့နယ် နောင်လုံကွင်း လယ်မြေများတွင် စားသောက်ကုန်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ ပိန်းဥပင်များကို စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေးကောင်းလည်းရရှိ၍ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိန်းဥပင်များကို စိုက်ပျိုးရာ၌ ဥမှစပြီး ပျိုးထောင်၍ ပျိုးပင်များအရွက်ထွက်လာသောအခါ ပိန်းပင်ငယ်လေးများ နေပူရှိန်ကြောင့်မသေစေရန် နှစ်ရက်တစ်ကြိမ် ရေသွင်းပြီး အပင်နှင့်ဥများ ထွားကျိုင်းစေရန် ဓာတ်မြေဩဇာနှင့် ရွက်ဖျန်းအားတိုးဆေးများကို သုံးရက်တစ်ကြိမ် ကျွေးပေးရသည်။ ရေပေးရာတွင် နောင်လုံ ရေထိန်းတံခါးမှ ရေသွယ်၍ ရေများများပေးရသဖြင့် ပိန်းဥများ အထွက်နှုန်းကောင်း၍ ဈေးကောင်းလည်းရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပိန်းဥစီးပွားဖြစ်စိုက်ပျိုးသူတောင်သူ ဦးအာလီက ပြောပြသည်။

ပိန်းဥပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရေကြိုက်သောအပင်ဖြစ်ကြောင်း ပိန်းဥကိုစတင်စိုက်ပျိုးချိန်မှ ရက်ပေါင်း ၁၀၀ ကြာလျှင် စတင်တူးဖော်၍ ရောင်းချရသည်။ ပိန်းဥမှာ အာဟာရဖြစ်၍ ပိန်းဥဟင်းချိုမှာ ထမင်းမြိန်စေပြီး အရွက်နှင့် အရိုးကို ဟင်းခါးအဖြစ်ချက်သောက်ရသဖြင့် ပိန်းဥတစ်ပင်လုံး အသုံးဝင်ပြီး ဗီတာမင်အေကြွယ်ဝသည့် စားဖိုဆောင်သီးနှံဖြစ်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးကြသူများပြားလာကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News