International News

ဖိလစ်ပိုင်ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့မှ ၂၀၂၅ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ပီဆို ၁ ထရီလီယံထိ ခွင့်ပြုသွားမည်ဖြစ်

Last Updated:

 ဖိလစ်ပိုင်ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့သည် ၂၀၂၅ ခုနှစ်အတွင်း ပီဆို ၁ ထရီလီယံ ပမာဏ ရှိသော စီမံကိန်းများကို မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် လျာထားကြောင်းပြောကြားခဲ့ပြီး ၃ နှစ်ဆက်တိုက် ရင်းနှီးမြှုပ်နှံမှုများခွင့်ပြုပေးခဲ့ခြင်းမှာ ထရီလီယံပီဆို ပမာဏအဆင့်ထိ ရောက်ရှိခဲ့ပြီးဖြစ်ပါ သည်။ National Expenditure Program – NEP (2025) အောက်မှ လျာထားသတ်မှတ်ထား သည့် ပီဆို ၁.၁၅၁ ထရီလီယံ ပမာဏထက် လျော့နည်းသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ရှာဖွေလျက်ရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆက်လက်ဆွဲဆောင်ဖိတ်ခေါ်ရာတွင် အကန့်အသတ်၊ အခက်အခဲအချို့ရှိနေကြောင်း ၁၄-၈-၂၀၂၄ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ဘတ်ဂျက်အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးတို့မှ ဆွေးနွေးပြောကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

အဆိုပါ အခက်အခဲနှင့် အကန့်အသတ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှ ၎င်းတို့လုပ်ငန်းမစ်ရှင်များအနေဖြင့်  လုပ်ငန်းလွယ်ကူချောမွေ့စေရေး (ease of doing business)၊ လျှပ်စစ်မီးရရှိနိုင်မှု၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးများ ရရှိနိုင်မှုတို့နှင့် သက်ဆိုင်သည့် အခက်အခဲများကို တွေ့ကြုံနေရပါကြောင်း ပြောကြားထားပါသည်။ ဖိလစ်ပိုင် အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အထူး သဖြင့်  လုပ်ငန်းလွယ်ကူချောမွေ့စေရေး (ease of doing business) မှာ ဦးစားပေး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ မဟာဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံမှုများ အား စီးပွားရေးအတွက်အမြန်လမ်းကြောင်း အနေဖြင့် ခွင့်ပြုခဲ့သည့် စီမံကိန်းများ “Approved Projects under the Green Lanes for Strategic Investments” ကိုလည်း ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ ဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။

နိုင်ငံတကာကုန်သွယ်မှုအတွက် အရေးပါသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုလည်း အစိုးရအနေဖြင့် ဆွဲဆောင်နိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ရာတွင် ဖိလစ်ပိုင်နိုင်ငံ၏ ပိုမိုမြင့်တက်လာသည့်လူဦးရေနှင့် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်သည့် လူငယ်၊ လူရွယ်ဖိလစ်ပိုင် နိုင်ငံသားများကို ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတွင် အသုံးချနိုင်သည် ဟူသည့်အချက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာပါသည်။ ထို့ပြင် အစိုးရကိုယ်စားလှယ်များ ပြည်ပခရီးစဉ်များသို့ သွားရောက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကြသည့်အခါ ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိကြကြောင်း သိရပြီး အထူးသဖြင့် ၁၁၅.၆ သန်းသော လူဦးရေသည် ၎င်းတို့အတွက် ဝယ်လိုအား မြင့်မားနိုင်သည့် ဈေးကွက်တစ်ခုလည်းဖြစ်သည်ဟု ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနမှ ပြောကြားခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။  

 

Source: https://business.inquirer.net/474901/boi-eyes-p1-t-investment-approvals-in-2025

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News