International News

ဘင်းမ်စတက်သည် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို မြှင့်တင်ရန်အတွက် ဒေသတွင်းလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ကို အဆင့်အလိုက်ဆောင်ရွက်သွားမည်

Last Updated:

အိန္ဒိယစက်မှုလက်မှုလုပ်ငန်းအဖွဲ့ချုပ်(CII)၏ ဘင်းမ်စတက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပေါ်လေ့လာမှုအရ ဘင်းမ်စတက်သည် ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်ဖန်တီးမှု၊ နည်းပညာပူးပေါင်းဆောင်ရွက်မှုများနှင့် ဝန်ဆောင်မှုများကို ပိုမိုမြန်ဆန်စွာအကောင်အထည်ဖော်ရန်နှင့် မြှင့်တင်ဆောင်ရွက်နိုင်စေရန်အတွက် ဒေသတွင်းလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ကို အဆင့်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

CII ၏လေ့လာမှုစာတမ်းကို ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့သည့် ဘင်းမ်စတက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲတွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုးတက်မှုနှင့်ဖွံ့ဖြိုးမှုကိုအကောင်အထည်ဖော်ရာတွင် ပါဝင်သူများအနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများအတွက် နယ်စပ်ဖြတ်ကျော်လိုအပ်သောချိတ်ဆက်မှုများကို ဖော်ဆောင်ရန်နှင့် ခံနိုင်ရည်ရှိသောထောက်ပံ့ရေးကွင်းဆက်များတည်ထောင်ဆောင်ရွက်ရန် လိုအပ် မည်ဖြစ်ကြောင်းနှင့် ဘင်းမ်စတက်အဖွဲ့ကို ရှေ့ဆက်ရန်အကြံပြုချက်များတွင် ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်ဖန်တီးမှု၊ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ဝန်ဆောင်မှုများနှင့်ဒေသတွင်းစီးပွားရေးထိတွေ့ဆက်ဆံမှုကို နက်နက် ရှိုင်းရှိုင်းဖြစ်စေရန်အတွက် ကဏ္ဍအလိုက်မိတ်ဖက်ဆောင်ရွက်ခြင်းများကို ပိုမိုမြန်ဆန်စွာအကောင်အထည်ဖော်ရန်နှင့်အဆင့်များအလိုက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ကဏ္ဍအများစုတွင် ပြည်ပရင်းနှီး မြှုပ်နှံမှုကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်း၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို လွယ်ကူစေခြင်းဖြင့် တိုးတက်စေခြင်း၊ သက်ဆိုင်ရာအကောက်ခွန်အေဂျင်စီအားလုံးကို အလိုအလျောက်စနစ်နှင့် တစ်စုတစ်စည်းတည်းစနစ်တစ်ခုအဖြစ်ပေါင်းစပ်ခြင်းနှင့်အငြင်းပွားမှုဖြေရှင်းရေးအတွက် အုပ်ချုပ်မှုစနစ်များပြင်ဆင်ဖွဲ့စည်းခြင်း၊ အလုပ် သမား၊ မူပိုင်ခွင့်နှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကိစ္စရပ်များအပါအဝင် အဖွဲ့ဝင်များအကြား ပိုမိုအဆင်ပြေသော စီးပွားရေးရာပတ်ဝန်းကျင်ကို မြှင့်တင်ဆောင်ရွက်ရန်တို့ကို အကြံပြုထားပါသည်။

ထို့ပြင် အောက်ပါအချက်များကိုလည်း အကြံပြုထားပါသည်-

(က)    စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်းမဟာဓာတ်အားလိုင်းတစ်ခုအား စုပေါင်းဖွံ့ဖြိုးတိုးတက်စေခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံမှုမြှင့်တင်ပေးသည့် ရန်ပုံငွေတစ်ခုတည်ထောင်ခြင်းနှင့် စီးပွားဖြစ်နှင့်မြို့ပြအသုံးပြုရန်အတွက် သဘာဝပတ်ဝန်း ကျင်အား ထိခိုက်မှုမရှိသည့် ဟိုက်ဒရိုဂျင်(Green Hydrogen)ကို သုတေသနပြုလုပ်ရန်၊

( ခ )   ဒေသတွင်းနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုကို ကျယ်ကျယ်ပြန့်ပြန့်စောင့်ကြည့်ရန်နှင့် လူဦးရေနှင့်ခုခံနိုင်မှုအားနည်းသော မျိုးစိတ်များအတွက် ရာသီဥတုပြောင်းလဲမှု၏ သိသာထင်ရှားသော ဆိုးကျိုးသက်ရောက်မှုများမှ ကာကွယ်ရန်အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုစောင့်ကြည့်ရေးစင်တာတည်ဆောက်ရန်နှင့် ကမ်းရိုးတန်းဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ စစ်တမ်းကောက်ယူရန်၊

( ဂ )   ဘင်းမ်စတက်နိုင်ငံများအကြား သဘာဝအားသာချက်များနှင့် ရာသီဥတုနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးဇုန်များကိုအခြေခံ၍ အဆင့်မြင့်လယ်ယာသုံးကိရိယာများမျှဝေပေးနိုင်မည့် စိုက်ပျိုးရေးနည်းပညာလွှဲပြောင်းပေးရေးသဘောတူညီချက်ကို ဖော်ဆောင်ရန်၊

(ဃ)    အဖွဲ့ဝင်နိုင်ငံများအကြား ဘုံဘေးကင်းရေးနှင့်လုံခြုံရေးဆိုင်ရာ သဘောတူညီချက်များ ရေးထိုးခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံစုံအပြန်အလှန်ဖလှယ်မှုများအပါအဝင် BIMSTEC နိုင်ငံများအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရန်၊

( င )   ဇီဝနည်းပညာ၊ နာနိုနည်းပညာနှင့် ဆေးဝါးနည်းပညာ စသည့်နယ်ပယ်များတစ်လျှောက် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် မျှဝေသုံးစွဲမှုကို မြှင့်တင်ရန်အတွက် BIMSTEC Technology Transfer Facility(TTF)ကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊

(စ)     ဘင်းမ်စတက်သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုဆိုင်ရာ မဟာစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ရန်အတွက် BIMSTEC Transport Connectivity Working Group(BTCWG)ကို အမြန်ဆုံးဖော်ဆောင်ရန်၊

(ဆ)    ပိုမိုကြီးမားသော စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများနှင့်  ပူးတွဲပရောဂျက်များနှင့်အတူ အလုပ်အကိုင်နှင့်ဝင်ငွေတိုးမြှင့်ရရှိရေးဆိုင်ရာ သိသာထင်ရှားသည့်အကျိုးကျေးဇူးများရရှိရန်အတွက် ဘင်းမ်စတက်ဒေသနှင့်၎င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တိုးတက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ၎င်းတို့၏ကြိုးပမ်းမှုများကိုအရှိန်မြှင့်ဆောင်ရွက် ရန်။  

Source: BIMSTEC can finalise regional FTA in phases to promote investment & jobs, The Economic Times, 12 August 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News