International News

ရုရှားနိုင်ငံသို့ ဂျပန်နိုင်ငံမှ ကော်ဖီတင်ပို့မှု စက်တင်ဘာလတွင် စံချိန်တင်မြှင့်တက်

Last Updated:

ဆောင်းဦးရာသီအစတွင် ဂျပန်နိုင်ငံသည် ရုရှားနိုင်ငံသို့ လှော်ထားသောကော်ဖီ စံချိန်တင်ပမာဏ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလတွင် ဂျပန်နိုင်ငံသည် ရုရှားနိုင်ငံသို့ ကော်ဖီပမာဏတန်ချိန် ၂၅.၆ တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၂၅,၂၀၀ ရှိကာ ယင်းပမာဏသည် ပြီးခဲ့သည့် ဩဂုတ်လနှင့်နှိုင်းယှဉ်ပါက အလေးချိန်နှင့် တန်ဖိုးသတ်မှတ်ချက်အရ ၆ ဆ ပိုမို များပြားကြောင်း ဂျပန်စာရင်းအင်းဌာန၏ အချက်အလက်များက ဖော်ပြထားသည်။

တစ်ချိန်တည်းတွင် ရုရှားနိုင်ငံသည် ဂျပန်ကော်ဖီကို အများဆုံးဝယ်ယူတင်သွင်းသည့် စာရင်းထဲတွင် ပါဝင်ခဲ့ပြီး အဆိုပါပမာဏသည် ဂျပန်နိုင်ငံ၏ ကော်ဖီထုတ်ကုန်များတင်ပို့မှု အားလုံး၏ ၁၃ ရာခိုင်နှုန်းရှိသည်။ စက်တင်ဘာလတွင် ဂျပန်နိုင်ငံသည် စုစုပေါင်း ကော်ဖီတန်ချိန် ၁၉၃ တန်ကို အခြားနိုင်ငံများသို့ တင်ပို့ခဲ့သည်။

ထို့အပြင် စက်တင်ဘာလတွင် ဂျပန်နိုင်ငံသည် ရုရှားနိုင်ငံသို့ လက်ဖက်ခြောက် တန်ချိန် ၁၁.၆ တန်တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၆,၅၀၀ ရှိကြောင်း သိရှိရသည်။

ရုရှားနိုင်ငံသို့ ကော်ဖီအဓိကတင်သွင်းသော နိုင်ငံများစာရင်းတွင် ဘရာဇီးနိုင်ငံသည် ထိပ်ဆုံးတွင်ပါဝင်လျက်ရှိသည်။ ယခုနှစ်တွင် ကော်ဖီအဓိကထုတ်လုပ်သော ဘရာဇီးနိုင်ငံ၌ ရာသီဥတုဆိုးဝါးမှုကြောင့် ရုရှားနိုင်ငံ၌ ကော်ဖီဈေးနှုန်းများ မြှင့်တက်ခဲ့ကြောင်း ရုရှားလက်ဖက်ခြောက်နှင့် ကော်ဖီထုတ်လုပ်သူများအသင်း “Roschaykofe” ၏ ဥက္ကဋ္ဌ Mr. Ramaz Chanturia က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ရာသီဥတုအခြေအနေကြောင့် ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိဘဲ ကော်ဖီအသားတင်တင်သွင်းသည့် နိုင်ငံဖြစ်သည့်အပြင် ကော်ဖီသုံးစွဲမှုပမာဏသည် လည်း နှစ်စဉ်တိုးတက်လျက်ရှိသည်။ ရုရှားသည် ၎င်းနိုင်ငံအတွင်း လိုအပ်သောကော်ဖီ ပမာဏအား အပြည့်အဝဖြည်းဆည်းပေးနိုင်ရေး ဂျပန်နိုင်ငံအပါအဝင် အခြားရင်းနှီးသောနိုင်ငံများမှလည်း တင်သွင်းလျက်ရှိသဖြင့် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ကော်ဖီတင်ပို့နိုင်မည့် အလားအလာကောင်းများ ရှိနေကြောင်း သိရှိရသည်။

Source :       https://ria.ru/20241103/kofe-1981656813.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

Category: International News