International News

ဖိလစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍသည် အီးယူမှ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်နိုင်သည့် ကဏ္ဍတစ်ခုဖြစ်လာ

Last Updated:

ဖိလစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍသည် အီးယူမှ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသောကဏ္ဍတစ်ခုဖြစ်လာကြောင်း ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ကျန်းမာရေးဆိုင်ရာ သဘာဝထုတ်ကုန်ပစ္စည်းများ၊ ပင်လယ်ရေညှိများ၊ အပင်အခြေခံ အစားအစာများ၊ အအေးခန်း သိုလှောင်သိမ်းဆည်းမှုစနစ်၊ အဆင့်မြင့်စိုက်ပျိုးရေး နည်းပညာများ၊ ဇီဝနည်းပညာများ စသည်တို့ ပါဝင်ပါကြောင်း ဖော်ပြထားပါသည်။

Philippines Board of Investment မှ ပြည်ပမစ်ရှင်များကိုလည်း ဖိလစ်ပိုင်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကဏ္ဍအတွက် ပြင်သစ်၊ လန်ဒန်နှင့် ဘာလင်နိုင်ငံများသို့ စေလွှတ်ခဲ့ပါကြောင်း၊ အီးယူကုန်အမှတ်တံဆိပ်များဖြစ်သည့် Danone SA, Narayan Foods, Arla တို့ကဲ့သို့ အလားအလာရှိသော လုပ်ငန်းစုများကိုလည်း ဖိတ်ခေါ်လိုပါကြောင်း ကုန်သွယ်ရေးဝန်ကြီးမှ ပြောကြားခဲ့ပါ သည်။ လက်ရှိတွင် နိုင်ငံတကာစိုက်ပျိုးရေးလုပ်ငန်းစုများဖြစ်သည့် Nestle, Unilever, Friesland Campina တို့သည် ဖိလစ်ပိုင်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားပါကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

မစ်ရှင်များစေလွှတ်ရခြင်းမှာ အီးယူနိုင်ငံများရှိ နိုင်ငံတကာလုပ်ငန်းများ၊ အီးယူရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်သွားနိုင်ရေးအတွက်ဖြစ်ပြီး အဆိုပါ လုပ်ငန်းစုများမှ ထိပ်တန်းတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းများကို အကြိမ်များစွာ ပြုလုပ်နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတို့နှင့် ပက်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အစိုးရအနေဖြင့်လည်း ဖိလစ်ပိုင်နိုင်ငံတွင် အီးယူရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး ဥရောပသမဂ္ဂနှင့်လည်း ပိုမိုခိုင်မာအားကောင်းစွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ ၂၀၂၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၏ ဂျီဒီပီသည် အခြားသော အာရှနိုင်ငံများအားကျော်၍ ၅.၆% ထိ မြင့်တက်ခဲ့ပါကြောင်း၊ ၂၀၃၃ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၁ ထရီလီယံထိ ဖြစ်လာစေရန် ရည်မှန်းထားပါကြောင်းကိုလည်း ကုန်သွယ်ရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

ယခုနှစ်အတွင်း Board of Investment  မှ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၁၅% တိုးလာခဲ့ပြီး အထူးသဖြင့် ပြည့်ဖြိုးမြဲစွမ်းအင်၊ နည်းပညာနှင့် လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍများ တွင်ဖြစ်ပါကြောင်း၊ ထပ်မံ၍ ဖိလစ်ပိုင်စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့မှလည်း ရင်းနှီးမြှုပ်နှံမှုများကို ၁၉% ထိ တိုးမြှင့်ခွင့်ပြုပေးခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် စီမံကိန်းများ တိုးချဲ့ခြင်းတို့ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် လူငယ်လူရွယ်များဖြစ်ပြီး အရည်အချင်း ပြည့်ဝသည့် ဖိလစ်ပိုင်နိုင်ငံသား လုပ်သားအင်အားများလည်းရှိပြီး သဘာဝသယံဇာတများလည်း ပေါကြွယ်ဝသည့်အတွက် ဖိလစ်ပိုင်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အလားအလာကောင်း သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ PH-EU FTA ကိုလည်း ပြန်လည်အသက်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် နောက်ဆုံးအပြီးသတ်နိုင်ရန် မျှော်လင့်ပါကြောင်း ဖော်ပြထားပါသည်။

အီးယူရင်းနှီးမြှုပ်နှံသူများအား ဖိလစ်ပိုင်နိုင်ငံ၏ ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ အီလက်ထရောနစ် ကုန်ပစ္စည်းများ ထုတ်လုပ်သည့်ကဏ္ဍ၊ ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရေး ပိုမိုခိုင်မာ အားကောင်းလာစေရန် ဆောင်ရွက်နေသည့် လုပ်ငန်းကဏ္ဍ၊ ကာဗွန်လျှော့ချရေးအတွက် အီလက်ထရောနစ် မော်တော်ယာဉ်များတွင် ရင်းနှီးမြှုပ်နှံသည့်ကဏ္ဍတို့အတွက် ဖိတ်ခေါ်ထားပါကြောင်း၊ IT-BPM ကဏ္ဍသည်လည်း အလားအလာရှိသည့် ကဏ္ဍတစ်ခုဖြစ်ပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများလည်း ဆောင်ရွက်သွားလိုပါကြောင်း၊ ဥရောပကုမ္ပဏီများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံသွားရန် ကမ်းလှမ်းထားကြောင်း တင်ပြအပ်ပါသည်။

ထို့ပြင် ဖိလစ်ပိုင်အစိုးရသည် အီးယူနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်အရ ရရှိလာမည့် အကျိုးအမြတ်များကို ချဲ့ထွင်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သည့် အနေဖြင့်  Retail Trade Liberalization Act, Foreign Investment Act, Public Services Act တို့ကိုလည်း ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့ပါသည်။ အစိုးရမှ သတ်မှတ်ထားသည့် ဦးစားပေးကဏ္ဍများတွင် ရင်နှီးမြှုပ်နှံရန်အတွက်လည်း မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

 

Source; https://www.manilatimes.net/2024/05/09/business/top-business/ph-agri-sector-presented-to-eu-investors/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News