International News

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းထိ ရှိနိုင်သည်ဟု Thai National Shippers’ Council (TNSC) က ခန့်မှန်းထား

Last Updated:

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းထိရှိနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ လုပ်ခလစာကော်မတီနည်းလမ်းအတိုင်း အစိုးရက ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့် တစ်နေ့အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးမည့် အစီအစဉ်ကို ပြန်လည် စဉ်းစားရန် အကြံပြုလိုကြောင်း Thai National Shippers’ Council (TNSC) ဥက္ကဋ္ဌ Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။

မတ်လအတွင်း ပို့ကုန်အခြေအနေအရ ပို့ကုန်အခြေအနေတိုးတက်မည်ဟု ခန့်မှန်းထားသော် လည်း အစ္စရေး-ဟားမက်စ် ပဋိပက္ခသည် ဒေသတွင်း အခြားနိုင်ငံများသို့ ကူးစက်လာမှုရှိ-မရှိ စောင့်ကြည့်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပဋိပက္ခကျယ်ပြန့်လာမှုကြောင့် ကမ္ဘာ့အရေးပါသော ဆီတင်ပို့ရန် ဖြတ်သန်းသည့် လမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားပိတ်သွားခဲ့ပါက ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်လာနိုင်ပါကြောင်း၊ အခြားပူပန်မှုအနေဖြင့် အနည်းဆုံးလုပ်ခလစာတိုးမြှင့်ရန် လျာထားသည့် ဘတ် ၄၀၀ နှုန်းထား၊ စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အားခ၊ ဘဏ်အတိုးနှုန်းမူဝါဒ၊ ကုန်စည်ပို့ဆောင်ခ မြင့်တက်မှုနှင့် စိုက်ပျိုးရေးထုတ်လုပ်မှုကို ထိခိုက်နိုင်သည့် မိုးခေါင်မှုအပါအဝင် ထုတ်လုပ်မှုကုန်ကျ စရိတ်တို့ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားပါသည်။

TNSC ကငွေလဲနှုန်းအပါအဝင် ဘဏ္ဍာရေးဈေးကွက် အတက်အကျဖြစ်မှုနှင့် စီးပွားရေးကျဆင်းမှုအပေါ် တုန့်ပြန်လာသည့် ကုန်သွယ်ဖက်နိုင်ငံများ၏ ငွေပေးချေမှုစသည့် ကုန်သည်များ၏ စွန့်စားရမှုများအပေါ် အစိုးရအနေဖြင့် ထောက်ပံ့ပေးနိုင်ရန် တောင်းဆိုလိုပါကြောင်း၊ တစ်နေ့ အနည်းဆုံး လုပ်ခလစာ သိသိသာသာ တိုးလာခြင်းသည် လုပ်သားအင်အားများသော စက်မှု လုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်းများအတွက် အချိန်တိုအတွင်း အရင်းအနှီးများသော လုပ်ငန်းများအဖြစ် ပြောင်းလဲရန်မှာ မဖြစ်နိုင်ပါကြောင်း၊ ထိုင်းလုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်မှုကို ထိန်းထားရန်မှာ အစိုးရက ထုတ်လုပ်မှုကုန်ကျစရိတ်ကို ထိန်းထားပေးရန်လိုအပ်ကြောင်း ဥက္ကဋ္ဌက သုံးသပ်ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့် အလုပ်အကိုင်အားလုံးခြုံငုံ၍ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားခြင်းဖြင့် လုပ်ခလစာကော်မတီမှတစ်ဆင့် လုပ်ငန်းရှင်များအတွက် ထောက်ပံ့မှုအစီအမံများကို အစိုးရအနေ ဖြင့် ပေးသင့်ကြောင်း၊ တစ်နေ့အနည်းဆုံးလုပ်ခတိုးမြှင့်မှုကို ပြည်နယ်အလိုက် ပြောင်းလဲနိုင် သည့်နေထိုင်မှုကုန်ကျစရိတ်တွင် ထည့်သွင်းစဉ်းစားခြင်းသာမက လုပ်သားအင်အား ထုတ်လုပ် မှုတွင်လည်း စဉ်းစားသင့်ပါကြောင်း၊ လစာတိုးမြှင့်ခြင်းနှင့် လုပ်သားအရည်အသွေးလည်း ကိုက်ညီသင့်ကြောင်း၊ ထိုင်းလုပ်သားများအတွက် ထုတ်လုပ်မှုနှင့် တီထွင်မှုစွမ်းရည်အတွက် အစိုးရက ပံ့ပိုးပေးသင့်ကြောင်း၊ လုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ယှဉ်ပြိုင်မှု တိုးတက်နိုင်ရေးအတွက် အရည်အချင်းပြည့်မီသော လုပ်သားများ ငှားရမ်းနိုင်ရန် အစိုးရနှင့် ကုမ္ပဏီများပူးပေါင်း၍ ပူးတွဲရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ထူထောင်သင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုနှစ် ပထမ ၃ လအတွင်း ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၇၁ ဘီလီယံရှိပြီး သွင်းကုန် သည် အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ TNSC က ယခုနှစ် ပို့ကုန်တိုးတက်မှုနှုန်းကို ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ကုန်သွယ်ရေးအပေါ် ထိခိုက်လာနိုင်သည့် ငွေလဲလှယ်နှုန်း အပြင် အခြားသော ပြင်ပကိစ္စရပ်များကို စောင့်ကြည့်ရန် လိုအပ်သကဲ့သို့ ပြည်တွင်း၌ အနည်း ဆုံး လုပ်ခတိုးမြှင့်ပေးရန် လျာထားမှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်တိုးမြှင့်လာမှုအပေါ် စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။   

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News