Local News

ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာ၌ စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်  ကျောက်ဆည်မြို့နယ်  ရန်ပုံနှစ်ကျေးရွာ၌ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ရွှေနီတံဆိပ် (၁၆၈) သင်္ဘော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သင်္ဘောပင်သည် စိုက်ပျိုးပြီး အပင်သက်တမ်းခြောက်လခန့်တွင် ရောင်းတမ်းဝင်သင်္ဘောသီးများ စတင်ဆွတ်ခူးရောင်းချရကာ အပင်ပြုစုမှုကောင်းပါက ရှစ်လခန့် ဆွတ်ခူးရောင်းချရသည်။ ရောင်းချသည့်အခါ ကုန်သည်များက စိုက်ခင်းများအထိလာရောက်ကာ အသီး ၃၅ လုံး၊ ၄၀ လုံးခန့်ဝင်သော သေတ္တာများနှင့်ထည့်၍ သေတ္တာအရေအတွက်အတိုင်း ကာလပေါက်ဈေးပေးပြီးဝယ်ယူကြကြောင်း၊ ဈေးကောင်းချိန်တွင် သေတ္တာတစ်လုံးလျှင် ငွေကျပ် နှစ်သောင်းအထိရရှိကြောင်း၊ ထို့ပြင် သင်္ဘောသီး အလုံးသေးများကို အစိမ်းဆွတ်ခူး၍ ကျောက်ဆည်ဈေး၌ လက်လီရောင်းချရာ နေ့စဉ်ဝင်ငွေများရရှိနေကြောင်း သိရသည်။

ရန်ပုံနှစ်ကျေးရွာမှ တောင်သူများအနေဖြင့် ယာမြေပိုင်ဆိုင်မှုများပြီး မြေအောက်ရေနှင့် မြစ်ရေတို့ကိုသာ အဓိကထား၍ တောင်သူလုပ်ငန်းများ လုပ်ကိုင်ရသဖြင့် ယာယီသီးနှံများဖြစ်သော ငရုတ်၊ ကြက်သွန်၊ ငှက်ပျော၊ ဖူးစားပြောင်း၊ နေကြာ၊ သင်္ဘောပင်နှင့် ကာလတိုသီးနှံများ အဓိကစိုက်ပျိုးကြသည်။

သင်္ဘောပင်စိုက်ပျိုးရာတွင် အပင်သေ ပျောက်မှုမရှိစေရန်အတွက် ပျိုးထောင်ပြီး သန်မာသည့်ပျိုးပင်များရွေးချယ်ကာ နေရောင်ခြည်ကောင်းစွာ ရရှိစေရန်နှင့် လေအဝင်အထွက် ကောင်းမွန်စေရန် မြေဘောင်များပြုလုပ်၍ တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း ၁၆ ပေအကွာအဝေးခန့် စိုက်ပျိုးပါက သီးလုံးပို၍လှပကြောင်း၊ လိုအပ်သည့်အချိန်များတွင် ပိုးနှင်ဆေး၊ ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်းနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ မြေသြဇာကျွေးခြင်းများလည်း  ပြုလုပ်ပေးရကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News