International News

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် သန်း ၃၀ ခန့်ကို ကြိုဆိုရန်မျှော်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်သည် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၇ သန်းအပါအဝင် ကမ္ဘာလှည့်ခရီးသွား သန်း ၃၀ ကျော်ကို ကြိုဆိုရန် ရည်မှန်းထားကြောင်း Hanoi Moi (New Hanoi) အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မြို့တော်၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ခရီးသွားလုပ်ငန်းမှ စုစုပေါင်း ၀င်ငွေသည် ဗီယက်နမ်ဒေါင် ၁၃၀ ထရီလီယံ (ဒေါ်လာ ၅.၁၈ ဘီလီယံ) ကျော်အထိ ရှိမည်ဟု ခန့်မှန်းထားသည်။

ပြည်တွင်းထုတ်ကုန်အတွက် ဤကဏ္ဍ၏ ပံ့ပိုးမှုသည် ၈ ရာခိုင်နှုန်းကျော်ရှိမည်ဟု မျှော်မှန်းထားပြီး ဟိုတယ်နှင့် တည်းခိုခန်းများဌားရမ်းနေထိုင်မှုမှာ ၆၀ ရာခိုင်နှုန်း ကျော်လွန်မည်ဟု ခန့်မှန်းထားသည်။

ဟနွိုင်းမြို့တော်အနေဖြင့် ရည်မှန်းချက်များ ပြည့်မီစေရန်အတွက် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း၊ MICE ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသခရီးသွားလုပ်ငန်း၊ အပန်း ဖြေခြင်းနှင့် အားကစားဆိုင်ရာခရီးသွားလုပ်ငန်း၊ ဂေဟစနစ်ကိုအခြေခံသော ခရီးသွားလုပ်ငန်း၊ အပန်းဖြေခရီးသွားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဂေါက်ရိုက်ခြင်း စသည့်ဆွဲဆောင်မှုရှိသည့် ခရီးသွားကဏ္ဍများကို ဖွံဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဟနွိုင်းမြို့တော်အနေဖြင့် အရှေ့မြောက်အာရှ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ အမေရိကန်တို့ ကဲ့သို့သော အဓိကဈေးကွက်များကို ပစ်မှတ်ထားဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားအလား အလာရှိသည့် ဈေးကွက်များဖြစ်သည့် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ သြစတြေးလျနှင့် အရှေ့ဥရောပနိုင်ငံကဲ့သို့သော ဈေးကွက်များကို ချဲ့ထွင်ခြင်းဖြင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို ဆွဲဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Hanoi Moi (New Hanoi)

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News