International News

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု ၄၂ ရာခိုင်နှုန်းတိုးမြှင့်

Last Updated:

ဗီယက်နမ်၏ ဆန်တင်ပို့မှု ပမာဏသည် ယခုနှစ် ပထမသုံးလပတ်တွင် တန်ချိန် ၂.၁ သန်းရှိပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရရှိကာ ယခင်နှစ် အလားတူကာလထက် ၄၂ ရာခိုင် နှုန်း တိုးမြင့်လာခဲ့ကြောင်း The Saigon Times အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါ သည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်၊ ဂါနာ၊ မလေးရှားနှင့် စင်ကာပူတို့ကဲ့သို့ အဓိက ဆန်ဝယ်ယူသူများထံမှ ဆန် ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု သိသိသာသာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်မှ ဆန်အများအပြားဝယ်ယူသော နိုင်ငံများသည် ၎င်းတို့ဆန်တင်သွင်းမှုအတွက် ရွေးချယ်စရာ ပိုမိုရရှိလိုသောကြောင့် ဗီယက်နမ်ဆန်အပေါ် မှီခိုအားထားမှုကို လျှော့ချလိုကြောင်း တွေ့ရှိရပါသည်။ ဝန်ကြီးဌာနမှ ဆန်တင်ပို့ရောင်းချသူများအား ဆန်တင်ပို့ရန် ဈေးကွက်သစ်များ ရှာဖွေရန်နှင့် ဆန်အရည်အသွေးမြှင့်တင်ရန် တိုက်တွန်းထားသည်။

လက်ရှိတွင် ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်မှုသည် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၇၆ ရှိပြီး ယခုနှစ်အစပိုင်းမှ ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ ကမ္ဘာ့ ထိပ်တန်းဆန်တင်ပို့သူ သုံးဦးအနက် ဗီယက်နမ်သည် ယခုနှစ်တွင် ဆန်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း ဖော်ပြထားပါသည်။

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News