International News

အမေရိကန်-ဗဟိုအာရှ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု မူဘောင်သဘောတူစာချုပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

Last Updated:

အမေရိကန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက် ကစ္စတန်နိုင်ငံများပါဝင်သည့် အမေရိကန်-ဗဟိုအာရှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဘောင် သဘောတူစာချုပ် (15th U.S.-Central Asia Trade and Investment Framework Agreement – TIFA)၏ (၁၅) ကြိမ်မြောက်အစည်းအဝေးကို ၁၄-၆-၂၀၂၄ ရက်တွင် ကာဇက်စတန်နိုင်ငံ၌ ကျင်းပခဲ့ပြီး အမေရိကန်-ဗဟိုအာရှကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဘောင်ဆိုင်ရာ ကောင်စီ အစည်းအဝေး (United States – Central Asia Trade and Investment Framework – TIFA Council) ၏ ပူးတွဲထုတ်ပြန်ချက်ကို အစည်းအဝေး၌ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ အမေရိကန်နိုင်ငံမှ ကုန်သွယ်မှုကိုယ်စားလှယ် Ms. Katherine Tai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း၊ အစည်းအဝေးတွင် အမေရိကန်နှင့် ဗဟိုအာရှနိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ တိုးမြှင့်ရန် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ စာချုပ်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်ထုတ်လုပ်မှုထောက်ပံ့ရေး ကွင်းဆက် (Supply Chain) ခိုင်မာစေရေး တိုးမြှင့်ဆောင်ရွက်ရန် ကုန်သွယ်မှုလမ်းကြောင်းသစ်များ တည်ထောင်ရာ၌ ကြုံတွေ့နေရသည့်အခက်အခဲများကို မှတ်သားခဲ့ကြပြီး ဤအခက်အခဲများမှာ အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုတိုးမြှင့်ရန်အတွက် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ နည်းလမ်းသစ်များကို အသုံးပြုနိုင်မည့် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ကြောင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်နှင့် ကြိုတင်ခန့်မှန်းနိုင်သော စီးပွားရေးဝန်းကျင်အဖြစ်ဖန်တီးရန်အတွက် မူဝါဒအပြောင်းအလဲများ ဆောင် ရွက်သွားရန် ဆွေးနွေးခဲ့ကြပြီး လုပ်ထုံးလုပ်နည်းများ ပွင့်လင်းမြင်သာမှုနှင့် ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းများ အားလုံးနှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် နေရာတိုင်းတွင် မျှတစွာတိုးတက်စေရန် အရေးပါသည်ဟု အဖွဲ့ဝင်များအားလုံးက အသိအမှတ်ပြုခဲ့ကြပါကြောင်း၊ ထို့အပြင် ကုန်သွယ်ရာတွင် အရည်အသွေးမြင့်ကုန်စည်များဖြစ်ရေး မြင့်မားသည့်စံနှုန်းများ သတ်မှတ်သွားရန်နှင့် ကမ္ဘာ့စီးပွားရေးတွင် ဗဟိုအာရှနိုင်ငံများ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် တိုးတက်လာရန် အလေးထားဖော်ပြခဲ့ကြကြောင်း သိရှိရပါသည်။

အကောက်ခွန်နှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ညီညွတ်မှုရှိစေရန်၊ သိပ္ပံ နည်းပညာကို အခြေခံသည့် အစားအစာဘေးကင်းလုံခြုံမှု၊ အပင်နှင့် တိရစ္ဆာန်ကျန်းမာရေး ဆိုင်ရာ အစီအမံများကျင့်သုံးရန်၊ ပွင့်လင်းပြီးအားလုံးပါဝင်မှုရှိသော၊ လုံခြုံမှုရှိသောဒစ်ဂျစ်တယ် အခြေခံဆောက်အအုံများ ရေးဆွဲရန်၊  မူပိုင်ခွင့်ကို အကာအကွယ်ပေးခြင်းများ တိုးမြှင့်ရန်နှင့် စီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများပါဝင်မှု တိုးလာစေရေးအတွက် အစိုးရ-ပုဂ္ဂလိက ဆွေးနွေးမှုများဆောင်ရွက်ရန် အပါအဝင်  ကုန်သွယ်မှုပမာဏနှင့် အခွင့်အလမ်းများ တိုးမြှင့်ရေး စသည့်ကဏ္ဍများတွင်  အောင်မြင်တိုးတက်မှုများရရှိရေးအတွက် TIFA လုပ်ငန်းအဖွဲ့မှာ အလွန်အရေးပါကြောင်း၊ ထို့အပြင် ဗဟိုအာရှနိုင်ငံများအနေဖြင့် ပြည်တွင်းရှိအလုပ်သမားဥပဒေနှင့် နိုင်ငံတကာအလုပ်သမားစံနှုန်းများအကြား ကိုက်ညီမှုရှိစေရေး လုပ်ဆောင်သွားရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုသည့် အလုပ်သမားအခွင့်အရေးကို အလုပ်သမားများက ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားရန် အရေးကြီးသည်ဟု အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်များက အလေးထား ပြောကြားခဲ့ကြောင်း သိရှိရသည်။       

 

 

Source: https://ustr.gov/about-us/policy-offices/press-office/press-releases/2024/ june/united-states-central-asia-trade-and-investment-framework-tifa-council-joint-statement

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News