International News

တရုတ်လျှပ်စစ်မော်တော်ယာဉ်များ၏ အကောက်ခွန်နှုန်းကို သမ္မတဂျိုးဘိုင်ဒင်က လေးဆတိုးမြှင့်သွားမည်

Last Updated:

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်များအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းကို လေးဆတိုးမြှင့်သွားမည်ဖြစ်ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၁၀-၅-၂၀၂၄ ရက်၌ “Biden to Quadruple Tariffs on Chinese EVs” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် တရုတ်လျှပ်စစ်မော်တော်ယာဉ်များအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းကို လာမည့်ရက်များတွင် လေးဆခန့်တိုးမြှင့်သွားရန်ရှိကြောင်း၊ အကောက် ခွန်နှုန်း တိုးမြှင့်ရာတွင် တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများဖြစ်သည့် အရေးပါသည့်တွင်းထွက် ပစ္စည်းများ (Critical minerals)၊ နေစွမ်းအင်သုံးပစ္စည်းများနှင့် ဘတ္ထရီများပါဝင်မည်ဖြစ် ကြောင်း၊ ဤသို့အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ချက်သည် သမ္မတဟောင်းဒေါ်နယ်ထရမ့် ချမှတ်ခဲ့သည့် အကောက်ခွန်နှုန်းအပေါ် တစ်နှစ်ကြာ ပြန်လည်သုံးသပ်ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင် အစိုးရ၏ စီးပွားရေးအကြံပေးများအကြား သမ္မတဟောင်း ဒေါ်နယ်ထရမ့်ချမှတ်ခဲ့သည့် အကောက်ခွန်နှုန်းထက် တိုးမြှင့်ကောက်ခံမည့်အပေါ် ထောက်ခံသူများက တစ်ဖက်စားသုံးကုန်စည်များအပေါ် အကောက်ခွန် လျော့နည်းကောက်ခံသင့်သည်ဟု ယူဆသော ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen ကဲ့သို့သော အကြံပေးများကတစ်ဖက် နှစ်ဖွဲ့ကွဲပြားလျက်ရှိကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံမှ သန့်စင်သောစွမ်းအင်ပို့ကုန်များ များပြားလာမည်ကို အမေရိကန်နိုင်ငံက စိုးရိမ်လျက်ရှိပြီး အမေရိကန်နိုင်ငံ၏ သန့်စင်သောစွမ်းအင်သုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများကို ကာကွယ်လိုသည့် သဘောထားရှိကြောင်း၊ သမ္မတဂျိုးဘိုင်ဒင် အစိုးရအရာရှိများက အထူး သဖြင့် တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်များအပေါ် အကောက်ခွန်နှုန်းထားကို (၂၅) ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ပြီး အမေရိကန်နိုင်ငံသို့ တင်သွင်းသည့် မော်တော်ယာဉ်များဖြစ်ပါက ၎င်းနှုန်းထားအပေါ် ထပ်တိုးအကောက်ခွန်နှုန်း (၂.၅) ရာခိုင်နှုန်းကို ထပ်မံကောက်ခံမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်များအပေါ် လက်ရှိကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်း (၂၅) ရာခိုင်နှုန်းကြောင့် တရုတ်လျှပ်စစ်မော်တော်ယာဉ်ပို့ကုန်များကို ထိခိုက်စေသော်လည်း အမေရိကန် လွှတ်တော်အမတ်များက တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်မှုပမာဏကို လျှော့ချရန် လုံလောက်မှုမရှိသေးဟု ယူဆကြကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်း တိုးမြှင့်ခြင်းအစီအစဉ်သည် နှစ်နိုင်ငံကုန်သွယ်မှုကို ထိခိုက်စေပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန် လိုအပ်သည့်အရေးယူမှုများ ပြုလုပ်သွားမည်ဟုပြောကြားခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲသည် သမ္မတဂျိုးဘိုင်ဒင် အစိုးရ၏ အကောက်ခွန်နှုန်း တိုးမြှင့်ရန် ဆုံးဖြတ်ချက်ကို များစွာသက်ရောက်မှုရှိစေကြောင်း၊ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် သမ္မတအဖြစ်ရွေးကောက်ခံရပါက တရုတ်နိုင်ငံ၏ ကုန်စည်များပေါ် အကောက်ခွန်နှုန်း (၆၀) သို့မဟုတ် ယင်းထက်များသည့်ပမာဏကို သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် အကယ်၍ ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက အမေရိကန်နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍသည် သွေးချောင်းစီး (Bloodbath) သည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen ၏ ယခင်လအတွင်း တရုတ်နိုင်ငံခရီးစဉ်၌ တရုတ်အရာရှိကြီးများနှင့် တွေ့ဆုံစဉ် ဈေးပေါသည့် တရုတ်ပို့ကုန်များ ထုတ်လုပ်သော စက်မှု လုပ်ငန်းများကို လျှော့ချရန်နှင့် ယင်းမဟာဗျူဟာကို မပြောင်းပါက အခြားကမ္ဘာ့နိုင်ငံများအနေ ဖြင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာအပေါ် တုံ့ပြန်သွားမည်ဟု သတိပေးခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံကလည်း အမေရိကန်နိုင်ငံ၏ ဓာတုပစ္စည်းသွင်းကုန်အပေါ် ယခင်လက အကောက် ခွန်တိုးမြှင့် ကောက်ခံခဲ့ကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲမှုကို အဆိုးဆုံးသက်ရောက်စေသည့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချသွားမည်ဟူသည့် သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ ရည်မှန်းချက်ကို အမေရိကန်ဈေးကွက်အတွင်း ဈေးနှုန်းသက်သာသော လျှပ်စစ်မော်တော်ယာဉ်များရရှိရန် တားမြစ်သည့် အစိုးရ၏လုပ် ဆောင်ချက်များက ဖိအားတစ်ရပ်ဖြစ်စေသည်။ အမေရိကန်နိုင်ငံသည် သန့်စင်သောစွမ်းအင်သုံး ကုန်ပစ္စည်းထုတ်လုပ်သော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဒေါ်လာဘီလီယံချီထောက်ပံ့ပေးလျက်ရှိပြီး ယင်းကဏ္ဍတွင်ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမပါဝင်ဘဲ သီးခြားကြိုးပမ်း ဆောင်ရွက်လိုသည့်သဘောဖြစ်သည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News