Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကွမ်းသီးအနုပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကွမ်းသီးအနုပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ကွမ်းသီးများအပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ခြံထွက်သီးနှံများကို တင်ပို့ရောင်းချလျက်ရှိရာ မတ်လအတွင်းက ကွမ်းသီးအနုပိဿာချိန် ၆၇၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကွမ်းသီးအနုပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့‌ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပြည်ပဈေးကွက်က မှာယူမှုများလာလို့ ရန်ကုန်ဈေးကွက်ကို တင်ပို့မဲ့ကုန်တွေလဲ များလာတာဖြစ်ပါတယ်။ လက်ရှိ ကွမ်းသီးအနု ၁၀ ပိဿာကို ငွေကျပ် ၈၅၀၀၀ ထိ ဈေးပေါက်နေပါတယ်။ ပြည်တွင်းကထွက်ရှိတဲ့ ကွမ်းသီးအနုတွေကိုတော့ တရုတ်နိုင်ငံကို အဓိကထားတင်ပို့ပါတယ်” ဟု ဖျာပုံမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်သူဇာက ပြောပြသည်။ ဖျာပုံမြို့နယ်မှ ထွက်ရှိသည့်ကွမ်းသီးအနုများကို ကုန်သည်များမှကွမ်းသီးခြံများသို့ သွားရောက်ဝယ်ယူ၍ စနစ်တကျရွေးချယ်ထုပ်ပိုးပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News