International News

အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းခရီးသွားလုပ်ငန်းများအတွက် တရုတ်ဈေးကွက်ကို မျက်စိကျနေ

Last Updated:

တရုတ်ခရီးသွားများ အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်လည်ပတ်မှုများ တိုးလာရန် မျှော်လင့် ကြောင်း အင်ဒိုနီးရှားခရီးသွားဝန်ကြီးက ရှန်ဟိုင်း၌ ကျင်းပခဲ့သော ပရိုမိုးရှင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ ခရီးသွားလာရေးနှင့် တီထွင်ဖန်တီးမှု စီးပွားရေးဝန်ကြီးဌာန (Ministry of Tourism and Creative Economy-MTCE) သည် တရုတ်ဈေးကွက်ကို အာရုံ စိုက်လျက်ရှိပြီး အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုများကို စတင်ခဲ့ကြောင်း သိရှိရပါသည်။

ယခုအရောင်းမြှင့်တင်ရေးလှုပ်ရှားမှုသည် အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ပေးပြီး အင်ဒိုနီးရှားကို နိုင်ငံခြားခရီးသွားများအတွက် အနှစ်သက်ဆုံး အားလပ်ရက်နေရာဖြစ်လာရန် ကူညီပေးမည်ဟု မျှော်လင့်ကြောင်း အင်ဒိုနီးရှားခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ စီးပွားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ခရီးသွားများသည် အင်ဒိုနီးရှားတွင် ပျမ်းမျှ (၈) ရက်မှ (၁၁) ရက်ခန့် တည်းခိုရန် စာရင်းသွင်းထားကာ တစ်ဦးချင်း ပျမ်းမျှသုံးစွဲမှုသည် အမေရိကန်ဒေါ်လာ (၁,၃၈၆.၅၅) ရှိသည်ဟု ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

MTCE သည် ယခုနှစ်အတွက် အင်ဒိုနီးရှားသို့ လာရောက်မည့် တရုတ်ခရီးသွား (၁) သန်းမှ (၁.၅) သန်းအထိ ရည်မှန်းထားပြီး တရုတ်နိုင်ငံ၏ စီးပွားရေးအရှိန်အဟုန်ဖြင့် တိုးတက်လာ ခြင်းသည် တရုတ်နိုင်ငံကို အင်ဒိုနီးရှား၏ ခရီးသွားလာရေးဆိုင်ရာ အဓိကစျေးကွက်တစ်ခုအဖြစ် သတ်မှတ်ရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်ဟု သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံမှ စာရင်းအင်းအချက်အလက်များအရ ယခုနှစ် ပထမသုံးလအတွင်း အင်ဒိုနီးရှားသို့ တရုတ်ခရီးသွား (၂၈၆,၃၇၅) ဦး ရောက်ရှိခဲ့ကြောင်းလည်း သိရှိရပါသည်။

စီးပွားရေးတိုးတက်လာသည်နှင့်အမျှ တရုတ်လူမျိုးများသည် အားလပ်ရက်များအတွင်း ပြည်တွင်းနှင့် ပြည်ပခရီးသွားနေရာများကို သွားရောက်လည်ပတ်ခြင်းများကို ပိုမိုနှစ်သက်လာ ကြရာ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားစသည့် အာဆီယံနိုင်ငံများသည် တရုတ်ခရီးသွားဧည့်သည်များကို အလေးထားဆွဲဆောင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်သည် the 2024 ASEAN-China Year of People-to-People Exchanges အဖြစ် သတ်မှတ်ထားပြီး တရုတ်နှင့် အာဆီယံနိုင်ငံများရှိ ပြည်သူအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည့်ကဏ္ဍများအနက် ခရီးသွားလုပ်ငန်းသည်လည်းတစ်ခု အပါအဝင်ဖြစ်ရာ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးကိုလည်း ဆောင်ရွက်သွားသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

 

 

Source: https://english.news.cn/20240604/ee8e44c77f4143daa63e2dc1e95e793f/c. html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News