International News

တရုတ်နိုင်ငံ၊ ဟိုင်နန်ဒေသထွက် ဒူးရင်းသီးဈေးသည် တစ်ကီလိုလျှင် (၁၆) ဒေါ်လာကျော်ဖြင့် ဈေးတက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၏ အပူပိုင်းဒေသ ဟိုင်နန်ပြည်နယ်မှ ဒူးရင်းသီးများသည် ယခုအခါ ဒုတိယနှစ် အဖြစ် စျေးကွက်သို့ အများအပြား ဝင်ရောက်လာခဲ့ကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အထွက်နှုန်း သိသိသာသာမြင့်မားလာသည့်အပြင် ယခုနှစ် အသီးခူးဆွတ်ချိန်လည်း ယခင်နှစ်ထက်စောခဲ့ကြောင်း၊ မေလကုန်တွင် ဟိုင်နန်တောင်ပိုင်း Sanya မြို့မှ ဒူးရင်းသီးများကို ခူးဆွတ်ရောင်းချခဲ့ပြီး ခန့်မှန်းထားသည်ထက် တစ်လခန့်စောနေကြောင်း၊ ဟိုင်နန်ဒူးရင်းသီး၏ ပထမအသုတ် လက်လီဈေးသည် ယခင်နှစ်ပေါက်ဈေးအတိုင်းပင် တစ်ကီလိုလျှင် တရုတ်ယွမ် (၁၂၀) (အမေရိကန်ဒေါ်လာ ၁၆.၅၇) ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ပြည်တွင်းဒူးရင်းသီး၏ စိုက်ပျိုးဧရိယာနှင့် ထုတ်လုပ်မှုပမာဏအကန့်အသတ်ရှိခြင်းကြောင့် ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေကြောင်း၊ အပင်မှ ခူးဆွတ်ခြင်းမပြုမီကပင် ဒူးရင်းသီးများကို ဖောက်သည်များက ကြိုတင်မှာယူထားခြင်း (သို့မဟုတ်) ဥယျာဉ်ခြံများမှ တိုက်ရိုက်ဝယ်ယူခြင်းများရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဟိုင်နန်တွင် ဒူးရင်းပင် (၉၃) ဟက်တာခန့်မှ အသီးထွက်ရှိခဲ့ပြီး စုစုပေါင်းမက်ထရစ်တန် (၅၀) ရှိကြောင်း၊ အဆိုပါကိန်းဂဏန်းများသည် ၂၀၂၄ ခုနှစ်တွင်  ဟက်တာအားဖြင့် (၂၆၀) နှင့် ထုတ်လုပ်မှုအားဖြင့် တန်ချိန် (၂၅၀)အထိတိုးလာမည်ဟု ခန့်မှန်းထားကြောင်း Hainan Durian Association ၏ ဥက္ကဌ Du Baizhong ၏ ပြောကြားချက်အရ သိရှိရပါသည်။

အသင်း၏ဥက္ကဋ္ဌဖြစ်သည့်အပြင် Hainan Youqi စိုက်ပျိုးရေးကုမ္ပဏီ၏ အထွေထွေ မန်နေဂျာလည်းဖြစ်သည့် Du Baizhong ၏ ဒူးရင်းခြံသည် လက်ရှိတွင် ဟိုင်နန်တွင် အကြီးဆုံး ဖြစ်ပြီး ယခုနှစ်အတွင်း ထုတ်လုပ်မှုပမာဏမှာ ခန့်မှန်းခြေ တန်ချိန် (၁၅၀) မှ (၂၀၀) အထိ ရှိနိုင် ကြောင်း၊ ၎င်း၏ဥယျာဉ်ခြံမှ ပထမအသုတ်ထွက်ရှိသည့် ဒူးရင်းသီး၏ ပျမ်းမျှ Brix တန်ဖိုးသည် (၃၀) % မှ (၃၂.၅) % ကြားတွင်ရှိပြီး အချို့သောအသီးများသည် (၃၈.၅) % အထိရှိကြောင်း သိရှိရပါသည်။

တင်သွင်းလာသော ဒူးရင်းများကို ပုံမှန်အားဖြင့် (၇၀ - ၈၀) %ခန့် မှည့်ပါက ခူးဆွတ်ရသော် လည်း ပြည်တွင်းဒူးရင်းသီးများသည် ရင့်မှည့်ချိန်အထိ အပင်ပေါ်တွင် ဆက်လက်ရှိနေနိုင် ကြောင်း၊ ၎င်းတို့၏ ရင့်မှည့်မှုနှင့် လတ်ဆတ်မှုတို့ကြောင့် ပြည်တွင်းဒူးရင်းသီးများကို တရုတ် နိုင်ငံရှိ ဒူရင်းသီးကြိုက်သူများက အလွန်နှစ်သက်လာကြကြောင်း၊ ထို့အပြင် စိုက်ပျိုးနည်းပညာ များ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဟိုင်နန်၏ ဒူးရင်းကဏ္ဍသည် ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခံလာရကြောင်း၊ တရုတ်နိုင်ငံ၏ အခြားဒေသများမှ စိုက်ပျိုးသူများအပြင် အခြားသော ကဏ္ဍများမှ လုပ်ငန်းရှင်များသည် ဟိုင်နန်သို့ လာရောက်လည်ပတ်ကြပြီး ဒူးရင်းစိုက်ပျိုးခြင်းတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားလာကြကြောင်း သိရှိရပါသည်။

ဟိုင်နန်ရှိ ဒူးရင်းသီးထုတ်လုပ်မှု ဧရိယာသည် လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း ဟက်တာ (၆,၆၀၀) ထက် ကျော်လွန်မည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းထားပြီး လက်ရှိ စိုက်ပျိုးမှုအခြေ အနေအရ ဟိုင်နန်ဒူးရင်းများသည် မတ်လတွင် စတင်အသီးသီး၍ မေလကုန်တွင် ဈေးကွက်သို့ စတင်ရောက်ရှိကာ ဇွန်လလယ်တွင် အများအပြားရောင်းချကြပြီး စက်တင်ဘာလအထိ ဈေးကွက်၌ ဆက်လက်ရှိနေကြောင်း သိရှိရပါသည်။

 

Source: https://www.producereport.com/article/hainan-durians-hit-market-prices-over-16-kilogram

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News