International News

BMW သည် ဘရိတ်ပြဿနာကြောင့် မော်တော်ကား အစီးရေ (၁.၅) သန်းခန့်ကို ပြန်လည် သိမ်းဆည်းခဲ့

Last Updated:

BMW သည် ၎င်းတို့၏ မော်တော်ကား အများအပြားကို ပြန်လည်သိမ်းဆည်းနေခြင်း အပြင် သုံးစွဲသူများထံသို့ မရောက်ရှိသေးသော ကားများကိုလည်း ဆက်လက်ပို့ဆောင်ခြင်းမပြုရန် တားဆီးပိတ်ပင်လျက်ရှိကြောင်း ၁၀-၉-၂၀၂၄ ရက်တွင် ကြေညာခဲ့သည်။

တရုတ်နိုင်ငံတွင် ဝယ်လိုအား ကျဆင်းလာမှုနှင့်အတူ အဆိုပါပြဿနာကြောင့် အမြတ် အစွန်းနှင့် အရောင်းမျှော်မှန်းချက်များကိုပါ လျော့ချခဲ့ကြောင်း မော်တော်ကားထုတ်လုပ်သူများက ပြောကြားခဲ့သည်။

ဘရိတ်စနစ်ဆိုင်ရာ ပြဿနာများသည် စုစုပေါင်း ကားအစီးရေ (၁.၅) သန်းကျော်ကို ထိခိုက်စေခဲ့ပြီး လက်ရှိသုံးလပတ်တွင် အာမခံစရိတ်များ ယူရို သန်းရာဂဏန်းအထိ မြင့်တက်စေခဲ့သည်ဟု BMW မှ ပြောကြားခဲ့သည်။

ထိုသို့ ပြန်လည်သိမ်းဆည်းမှုများအပြင် ဝယ်ယူသူ ဖောက်သည်များထံ လွှဲပြောင်းပေးအပ်ခြင်း မပြုရသေးသည့် ကားအစီးရေ ၃၂၀,၀၀၀ အတွက် ပို့ဆောင်မှုများကိုပါ ဆိုင်းငံ့ထားမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

Munich မြို့ရှိ BMW ကုမ္ပဏီရုံးချုပ်က ယခုဖြစ်ရပ်ကြောင့် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ကမ္ဘာတစ်ဝှမ်း၌ အနုတ်လက္ခဏာဆောင်မည့် ရောင်းအားများအဖြစ် ဦးတည်သွားလိမ့်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

BMW အတွက် integrated braking system ကို ထုတ်လုပ်သည့် Continental ကုမ္ပဏီမှ ယခုကိစ္စသည် အီလက်ထရွန်နစ် အစိတ်အပိုင်းတစ်ခု၏ လုပ်ဆောင်ချက် ချို့ယွင်းသွားပုံရ ကြောင်းနှင့် ၎င်းကို ပြန်လည်အစားထိုးရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘရိတ်စွမ်းဆောင်ရည်သည် လိုအပ်ချက်အရ တရားဝင်သတ်မှတ်ထားသော စံချိန်စံညွှန်းများ အောက်ရောက်ရှိနေသော်လည်း အန္တရာယ်မရှိနိုင်ကြောင်း supplier ဖြစ်သော Continental ကုမ္ပဏီက ထပ်လောင်းပြောကြားခဲ့သည်။

Rolls Royce နှင့် Mini အမှတ်တံဆိပ်များပါ ထုတ်လုပ်သည့် BMW ကုမ္ပဏီသည် ၎င်း၏ မော်တော်ယဉ်ပို့ဆောင်ရမှုကို ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် အနည်းငယ် တိုးတက်လာဖွယ်ရှိသည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိအခြေအနေတွင် အနည်းငယ် လျော့ကျသွားဖွယ်ရှိကြောင်း မျှော်မှန်းခဲ့ပါသည်။

မော်တော်ကားများ ပြန်လည်သိမ်းဆည်းပြီး ပို့ဆောင်မည့်အစီအစဉ်များကိုပါ ဖျက်သိမ်း လိုက်ခြင်းသည် လက်ရှိဖြစ်ပေါ်လျက်ရှိသော တရုတ်နိုင်ငံ၏ဝယ်လိုအား ငြိမ်သက်နေသည့် အခြေ အနေအပေါ် အကျိုးသက်ရောက်မှုပိုမိုဆိုးရွားစေပြီး အရောင်းပမာဏကိုပါ ထိခိုက်စေခဲ့သည်။ အစိုးရက ပြန်လည်တက်ကြွလာစေရန် လှုံ့ဆော်ပေးလျက်ရှိသော်လည်း ဝယ်ယူသုံးစွဲသူများ ၏ သဘောထားမှာ အားနည်းနေဆဲဖြစ်ကြောင်း  BMW ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါ သည်။

ကားထုတ်လုပ်သည့်ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ အမြတ်အစွန်းကို ယခင် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း သတ်မှတ်ထားရာမှ ယခုနှစ်တွင်  ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအတွင်း အထိ လျှော့ချရန် မျှော်မှန်းထားသည်။ အမြတ်အစွန်း သတိပေးချက်အပြီးတွင် BMW ၏ ရှယ်ယာ များသည် ၈ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားပြီး Continental ၏ ရှယ်ယာမှာ ၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း  သိရှိရသည်။

ပြီးခဲ့သည့်လ(ဩဂုတ်လ)တွင်လည်း BMW သည် လေအိတ်ချို့ယွင်းမှုကြောင့် တရုတ်နိုင်ငံ၌ ကားအစီးရေ (၁.၄) သန်းခန့်ကို ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားပါသည်။

 

Source:         https://www.dw.com/en/bmw-recalls-15-million-cars-over-brake-issue/a-70182052

စီးပွားရေးသံမှူး၊ ဘာလင်

Category: International News