ဒေါ်နယ်ထရမ့်၏အဘိဓာန်တွင် အကောက်ခွန်ဆိုသည့်စကားရပ်မှာ လှပသည့်စကားရပ် တစ်ခုဖြစ်နိုင်သော်လည်း အိမ်ခြံမြေဈေးကွက်ပျက်စီးခြင်းနှင့် စားသုံးသူများ၏စိတ်နေသဘောထား အားနည်းလာသည့် တရုတ်နိုင်ငံအတွက် ယင်းစကားရပ်သည် ခေါင်းခဲစရာဖြစ်လာကြောင်း၊ ဒေါ်နယ်ထရမ့်အနေဖြင့် တရုတ်နိုင်ငံမှသွင်းကုန်ပစ္စည်းများအပေါ်အကောက်ခွန်နှုန်း (၆၀) ရာခိုင်နှုန်းနှင့် အထက်ကောက်ခံမည်ဟုကြွေးကြော်ထားရာ ယခုအကြိမ်တွင် တရုတ်ယွမ်ငွေတန်ဖိုးကိုတိုးမြှင့်ပြီး တုံ့ပြန်ပါက တရုတ်နိုင်ငံ၏တုံ့ပြန်မှုများအပေါ် အကန့်အသတ်ရှိလာနိုင်ကြောင်း၊ ၎င်း၏ပထမအကြိမ် သမ္မတသက်တမ်းတွင် ၂၀၂၁ ခုနှစ်ကုန်မတိုင်မီ အမေရိကန်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၀) ဘီလီယံဖိုးဝယ်ယူရန် တရုတ်နိုင်ငံ၏ကတိကဝတ်ရအောင်ယူနိုင်ခဲ့သကဲ့သို့ ယခုအကြိမ်တွင်လည်း Chips ကုန်သွယ်မှုကိုညှိနှိုင်းရန်အတွက် အကောက်ခွန်နှုန်းဖြင့် တရုတ်နိုင်ငံအပေါ်ခြိမ်းခြောက်လာနိုင်ကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံက ယင်းကတိကဝတ်ကို (၅၈) ရာခိုင်နှုန်းအထိသာ အကောင်အထည်ဖော်နိုင်ခဲ့သည်ဟု Peterson Institute for International Economics, PIIE ၏ လေ့လာမှုအရသိရှိရကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့်ကာလဖြစ်ခြင်းကြောင့် ယင်းရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ယင်းကာလနောက်ပိုင်းမှစ၍ သမ္မတဂျိုးဘိုင်ဒင်အစိုးရက တရုတ်ကုန်ပစ္စည်းများအပေါ် သမ္မတဟောင်းဒေါ်နယ်ထရမ့်သတ်မှတ်ခဲ့သည့် အကောက်ခွန်နှုန်းကို ဆက်လက်ကျင့်သုံးခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်နှင့် တရုတ်တို့အကြား ယခုအကြိမ်ကုန်သွယ်မှုစစ်ပွဲသည် ၂၀၁၈ ခုနှစ်နှင့် ကွဲပြား လာနိုင်ကြောင်း၊ တရုတ်ပို့ကုန်များ၏ (၁၅) ရာခိုင်နှုန်းခန့်သည် အမေရိကန်သို့တိုက်ရိုက်တင်ပို့ခြင်း မဟုတ်ဘဲ အကောက်ခွန်နှုန်းရှောင်ရှားရန် အရှေ့တောင်အာရှနိုင်ငံများသို့မဟုတ် မက္ကဆီကိုနိုင်ငံမှတစ်ဆင့်ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်မကုန်မီ ပထမ(၉)လခန့်တွင် တရုတ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများနှင့် မက္ကဆီကိုနိုင်ငံသို့ တင်ပို့သည့်ပို့ကုန်ပမာဏမှာ ၂၀၁၇ ခုနှစ်၊ ကာလတူနှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့်ရှိလာခဲ့ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများသည် တရုတ်၏ကုန်သွယ်ဖက်နိုင်ငံကြီးများဖြစ်လာခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်းသည် ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဂျီဒီပီကို (၀.၆၅) ရာခိုင်နှုန်းသာကျဆင်းစေခဲ့ပြီး အကောက်ခွန်နှုန်း (၆၀) ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်းသည် အခြားအချက်အလက်များကို ထည့်သွင်းတွက်ချက်ခြင်းမပြုဘဲ တရုတ်နိုင်ငံ၏ဂျီဒီပီကို (၀.၂) ရာခိုင်နှုန်းသာကျဆင်းစေမည်ဖြစ်ကြောင်း၊ အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခြင်းကြောင့် ဈေးနှုန်းမြင့်တက်ကာ အမေရိကန်နိုင်ငံရှိဝယ်လိုအားကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ သွင်းကုန်ပစ္စည်းများကို အကောက်ခွန် (၆၀) ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံပါက အမေရိကန်နိုင်ငံ၏ ကုန်ဈေးနှုန်းသည် (၁.၁) ရာခိုင်နှုန်းမှ (၂.၄) ရာခိုင်နှုန်းအထိမြင့်တက်လာနိုင်သည်ဟု J.P. Morgan ကဆိုကြောင်း၊ ငွေကြေးတန်ဖိုးလျှော့ချခြင်းဖြင့် နိုင်ငံ၏ပို့ကုန် တန်ဖိုးဈေးနှုန်းကျဆင်းလာပြီး အကောက်ခွန်နှုန်းမြင့်မားမှုကြောင့် ပို့ကုန်များအပေါ်သက်ရောက်မှု ကို အပြုသဘောဆောင်သည့် အထောက်အကူဖြစ်စေနိုင်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းအတွင်း တရုတ်ယွမ်ငွေတန်ဖိုးသည် (၁၀) ရာခိုင်နှုန်းကျဆင်းခဲ့ရာ အကောက်ခွန်နှုန်းမြင့်တက်မှု၏ သုံးပုံနှစ်ပုံခန့်ကိုပြန်ကာမိစေခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင် တရုတ်ယွမ်ငွေတန်ဖိုးသည် ယခင်ကထက် များစွာကျဆင်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ငွေကြေးတန်ဖိုးကျဆင်းပါက မတည်ရင်းနှီးငွေများ နိုင်ငံပြင်ပသို့ထွက်ခွာသွားနိုင်သဖြင့် တရုတ်နိုင်ငံအနေဖြင့် ယွမ်ငွေတန်ဖိုး မကျဆင်းစေရန် ယခင်နှစ်များတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပို့ကုန်ဝယ်လိုအားကိုအစားထိုးရန် ပြည်တွင်းစီးပွားရေးအားကောင်းရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘဏ္ဍာရေးအရလှုံ့ဆော်မှုအစီ အစဉ်များ (Fiscal Stimulus) ကို ချမှတ်လျက်ရှိပြီး ယင်းသို့ ဆောင်ရွက် ခြင်းမှာ စားသုံးသူများ ငွေကြေးသုံးစွဲမှုတိုးလာရန်လုံလောက်သည့် အထောက်အကူမဖြစ်စေဟု လေ့လာသူများက သုံးသပ်ကြကြောင်း သိရှိရပါသည်။
(ဇစ်မြစ်။ Wall Street Journal)
စီးပွားရေးသံမှူး၊ ဝါရှင်တန် DC