အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် စတော့ရှယ်ယာ ဈေးနှုန်းများမြင့်မားလာခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံသူများက လက်ရှိတွင်ငွေချေးစာချုပ် (Bond market) ဈေးကွက်ကို စောင့်ကြည့်လျက်ရှိလာကြောင်း၊ ငွေချေးစာချုပ်ဈေးနှုန်းကျဆင်းပါက အမေရိကန်အစိုးရ၏ ချေးငွေစာချုပ်အတိုးရငွေ (Treasury Yields) သည် မြင့်တက်လာမည်ဖြစ်ကြောင်း၊ ၅-၁၁-၂၀၂၄ ရက်(အင်္ဂါနေ့) သမ္မတရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာပြီးနောက်တွင် ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်သမ္မတသက်တမ်း၌ အခွန်လျှော့ချမှုကြောင့် ဘတ်ဂျက်လိုငွေမြင့်မားကာ ငွေကြေးဖောင်းပွမည်ဟုခန့်မှန်းလျက် အမေရိကန်အစိုးရ၏ ငွေချေးစာချုပ်အတိုးရငွေ နှုန်းသည် မြင့်တက်ခဲ့ကြောင်း၊ စတော့ဈေးကွက်နှင့် ချေးငွေစာချုပ်အတိုးရငွေသည် လွန်ခဲ့သော (၈)နှစ် ဒေါ်နယ်ထရမ့်ပထမအကြိမ်သမ္မတအဖြစ် ရွေးကောက်ခံရချိန်တွင်လည်း မြင့်တက် ခဲ့ကြောင်း၊ Neuberger Berman ကုမ္ပဏီ၏ မရွေ့ပြောင်းနိုင်သည့်ပစ္စည်းများ ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာအကြီးအကဲ Mr. Thanos Bardas က လက်ရှိအခြေအနေသည် ရှုပ်ထွေးကြောင်းနှင့် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်း (Trump 1.0) နှင့် ဒုတိယအကြိမ်သမ္မတ သက်တမ်း (Trump 2.0) တို့၏ စမှတ်သည်ကွာခြားကြောင်း၊ (၁၀)နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်အတိုးနှုန်းရငွေသည် စက်တင်ဘာလတွင် (၃.၆) ရာခိုင်နှုန်းရှိခဲ့ရာမှ ၈-၁၁-၂၀၂၄ ရက် (သောကြာနေ့) တွင် (၄.၃)ရာခိုင်နှုန်း သို့ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
ရင်းနှီးမြှုပ်နှံသူများအတွက် အခက်ခဲဆုံးကိစ္စရပ်များမှာ စီးပွားရေးအပေါ်သက်ရောက်စေမည့် ဒေါ်နယ်ထရမ့်၏မူဝါဒတစ်စိတ်တစ်ပိုင်းဖြစ်သော ဘဏ္ဍာရေးမူဝါဒပင်ဖြစ်ပါသည်။ ထို့အပြင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်တွင်လည်း ကုန်ပစ္စည်းများအားလုံးကို အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံရန် အဆိုပြုထားခြင်း၊ ပို၍တင်းကြပ်သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထိန်းချုပ်မှုများနှင့် တရားမဝင် ဝင်ရောက်လျက်ရှိသူများကို နေရပ်ပြန်ပို့မည့် အကြီးဆုံးအစီအစဉ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ရာ အကောက်ခွန်နှင့် နေရပ်ပြန်ပို့မည့်အစီအစဉ် နှစ်ခုစလုံးသည် ငွေကြေးဖောင်းပွမှုကိုမြင့်မားစေနိုင်ပြီး စီးပွားရေးတိုးနှုန်းကို နှေးကွေးစေမည်ဖြစ် ကြောင်း၊ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်းသည် စားသုံးသူများ အပေါ် ဈေးနှုန်းများမြင့်မားစေမည်ဟု စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးပညာရှင်များစွာက သဘောတူလက်ခံကြရာ ကာလတိုတွင်လည်းငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်ကြောင်း၊ ဈေးနှုန်းမြင့်တက်လာပါက စားသုံးသူများအနေဖြင့် ၎င်းတို့၏ငွေကြေးသုံးစွဲမှုကို လျှော့ချလာနိုင်ရာ ယင်းအခြေအနေတွင် တရားမဝင် ဝင်ရောက်လာသူများအား နေရပ်ပြန်ပို့သည့်အစီ အစဉ်ကြောင့် စီးပွားရေးလုပ်ငန်းများသည် လုပ်သားအသစ်များကို လုပ်ခလစာနှုန်း တိုးမြှင့်ပေးလျက်ခေါ်ယူရမည်ဖြစ်သဖြင့် ဈေးနှုန်းများမြင့်တက်လာမည်ဖြစ်ကြောင်း၊ ယင်းအခြေနေတွင် အလုပ်ရှင်များကလည်း ထုတ်လုပ်မှုကိုလျှော့ချလာနိုင်ကြောင်း သိရှိရပါသည်။
ဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒကြောင့် စီးပွားရေး တိုးတက်မှုကို နှေးကွေးစေနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများကလည်း ငွေကြေးဖောင်းပွမှုကို စိုးရိမ်လာမည်ဖြစ်ရာ ယင်းအခြေအနေတွင် ကာလရှည်ငွေတိုက်စာချုပ်များ၏အတိုးနှုန်းရငွေသည် ပို၍မြင့်မားလာနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်၏ ဘဏ္ဍာရေးမူဝါဒကြောင့် စီးပွားရေးအပေါ် တိုက်ရိုက် သက်ရောက်နိုင်ခြေရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသူများကလည်း ၎င်းအနေဖြင့် အခွန်မည်မျှအထိ လျှော့ချပြီး အသုံးစရိတ်လျှော့ချမှုကို မည်သည့်ပမာဏအထိ ပြန်ထေမိမည်မှာ မေးခွန်းဖြစ်လျက်ရှိကြောင်း၊ အမှီအခိုကင်းသည့် အဖွဲ့တစ်ခုဖြစ်သည့် တာဝန်ယူမှုရှိသောဖက်ဒရယ် ဘတ်ဂျက်ကော်မတီ (Committee for a Responsible Federal Budget)က ဒေါ်နယ်ထရမ့်၏ မူဝါဒများသည် နောင်ဆယ်စုနှစ်အတွင်း ဘတ်ဂျက်လိုငွေ အမေရိကန်ဒေါ်လာ (၇.၅) ထရီလီယံ အထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
လူမှုဖူလုံရေးအကျိုးခံစားခွင့်၊ အချိန်ပိုကြေးနှင့် မေတ္တာကြေး (Tips) တို့ကို အခွန် သက်သာ ခွင့်ပေးမည်ဟု ဒေါ်နယ်ထရမ့်က ၎င်း၏ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ် ကတိပြုထားရာ လက်ရှိတွင် ဖက်ဒရယ်ဘတ်ဂျက်လိုငွေသည် အမေရိကန်ဒေါ်လာ (၂) ထရီလီယံအထိ လိုငွေ ပြလျက်ရှိပြီး အစိုးရအနေဖြင့် အဓိကချေးငွေစာချုပ်များကို ရောင်းချခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများ မလိုအပ်ဘဲ ချေးငွေမည်မျှအထိတိုးမြှင့်ချေးယူရမည်မှာလည်း မေးခွန်းထုတ်စရာတစ်ရပ်ဖြစ် ကြောင်း၊ ယင်းအခြေအနေဖြစ်လာမည်ကို စိုးရိမ်သူများတွင် ရွေးကောက်ခံဒုတိယသမ္မတဂျေဒီ ဗင့်စ်လည်းပါဝင်ကြောင်း၊ ရွေးကောက်ပွဲမတိုင်မီတစ်ရက်အလိုကဖြေကြားခဲ့သည့် အင်တာဗျူး တစ်ခုတွင် ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်သမ္မတသက်တမ်းတွင် “Bond-market death spiral” ဖြစ်လာမည်ကိုစိုးရိမ်ကြောင်း၊ ယင်းအကျပ်အတည်းများသည် အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံသူများက ချေးငွေစာချုပ်အတိုးနှုန်းတိုးမြှင့်ခြင်းလိုခြင်းကြောင့် ဒေါ်နယ်ထရမ့်၏ သမ္မတရာထူးအပေါ် အပြင်းအထန်ဝေဖန်လာနိုင် ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
(ဇစ်မြစ်။ Wall Street Journal)
စီးပွားရေးသံမှူး၊ ဝါရှင်တန်