International News

သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် Polar Semiconductor ကုမ္ပဏီနှင့် အမှီအခိုကင်းသည့် Semiconductor စက်ရုံတစ်ရုံတည်ထောင်ရန် ပဏာမသဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့

Last Updated:

 သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် Polar Semiconductor ကုမ္ပဏီနှင့် အမှီအခိုကင်းသည့် အမေရိကန်နိုင်ငံ၏ Semiconductor စက်ရုံတစ်ရုံတည်ထောင်ရန် ပဏာမသဘောတူညီခဲ့ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ၁၃-၅-၂၀၂၄ ရက်၌ “Biden-Harris Administration Announces Preliminary Terms with Polar Semiconductor to Establish an Independent American Foundry” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Polar Semiconductor (Polar) ကုမ္ပဏီ တို့သည် CHIP and Science Act အရ အမေရိကန်ဒေါ်လာသန်း (၁၂၀) ကို ကုမ္ပဏီသို့ ထောက်ပံ့ပေးရန် ဥပဒေအရ စည်းနှောင်မှုမရှိသည့် ပဏာမသဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ကြောင်း၊ ဤ‌ထောက်ပံ့ငွေသည် မင်နီဆိုးတားပြည်နယ်၊ ဘလွန်းမင်းတန်မြို့ရှိ Polar ကုမ္ပဏီ ၏ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့ရန်နှင့် နည်းပညာသစ်များကို မိတ်ဆက်ရန်ဖြစ်ကာ ဤသို့ တိုးချဲ့အဆင့်မြှင့်တင်ခြင်းဖြင့် အမေရိကန်နိုင်ငံ၏ Sensor Chip နှင့် Power Chip ထုတ်လုပ်မှုကို နှစ်နှစ်အတွင်း နှစ်ဆတိုးမြှင့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုထောက်ပံ့ငွေကြောင့် Polar ကုမ္ပဏီသည် နိုင်ငံခြားသားပိုင် ကုမ္ပဏီအဖြစ်မှ အမေရိကန်နိုင်ငံပိုင်စက်ရုံအဖြစ်သို့ ပြောင်းလဲလာမည်ဖြစ်ကာ အမေရိကန်နိုင်ငံသား Chip ဒီဇိုင်းရေးဆွဲသူများအတွက်လည်း နည်းပညာများကို ပြည်တွင်း၌ တီထွင်ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများ တိုးမြှင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သမ္မတဂျိုးဘိုင်ဒင်သည် အမေရိကန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက် တိုးတက်လာရန်၊ လုပ်ခလစာမြင့်မားသည့်အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်နှင့် အမေရိကန်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာရန် ရည်ရွယ်လျက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် CHIP and Science Act ကို လက်မှတ်ရေးထိုးခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း  Sensor Chip နှင့် Power Chip ပြတ်လပ်မှုသည် အကြီးမားဆုံး ကာလရှည်တစ်ဆို့ကြန့်ကြာမှုတစ်ခုဖြစ်ခဲ့ပြီး Polar ကုမ္ပဏီက Sensor Chip နှင့် Power Chip များထောက်ပံ့ပေးခဲ့သော မော်တော်ယာဉ်၊ ကျန်းမာရေး၊ လေကြောင်းနှင့် ကာကွယ်ရေးစသည့် အရေးပါသောကဏ္ဍများရှိ လုပ်ငန်းများကို အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း၊ Polar ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အရေးပါသည့် Semiconductor နည်းပညာများ၏  ပြည်တွင်းဝယ်လိုအားကို တည်ငြိမ်မှုရှိစေကာ ကုမ္ပဏီ၏လုပ်ငန်းကိုလည်း ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်ကာကွယ် ရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော Chip များကို ပြည်တွင်း၌ ရရှိခြင်းဖြင့် အမျိုး သားလုံခြုံရေးကို တိုးမြှင့်ရာတွင် ကူညီပံ့ပိုးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Polar ကုမ္ပဏီ၏ Semiconductor ထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့် မင်နီဆိုးတားပြည်နယ်တွင် ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ အလုပ်အကိုင်ပေါင်း (၁၆၀) ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ Polar ကုမ္ပဏီ၏ ဆောက်လုပ်ရေး မိတ်ဖက်ကုမ္ပဏီဖြစ်သည့် Mortenson ကုမ္ပဏီကလည်း ဆောက်လုပ်ရေးအလုပ်သမားများကို ထောက်ပံ့ပေးရန် စီမံကိန်း အလုပ်သမားများအတွက် သဘောတူစာချုပ် (Project Labor Agreement) ကို အသုံးပြုဆောင်ရွက်သွားရန် ကတိကဝတ်ပြုထားကြောင်း၊ Polar ကုမ္ပဏီကလည်း အလုပ်သမားများအတွက် တန်းတူညီမျှမှုနှင့် ဈေးနှုန်းသက်သာသော ကလေးစောင့်ရှောက်မှုများ အခွင့်အလမ်းများရရှိနိုင်ရေး တိုးချဲ့ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ လည်ပတ်ရာတွင် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုရှိခြင်းကို အဓိကဦးစားပေးအဖြစ် ဆောင်ရွက်ရန်ကတိပြုထားကြောင်း၊ ထို့အပြင် Polar ကုမ္ပဏီသည်  ၎င်း၏ Semiconductor စက်ရုံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို သန့်စင်သောပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူအသုံး ပြုရန် ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း၊ ရေသွင်းရေထုတ်လုပ်ငန်းများအတွက် ရေသိုလှောင်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ရေများ ပြန်လည်သိမ်းဆည်းမှုအပါအဝင် ရေအရင်းအမြစ် ထိန်းသိမ်းမှုကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

Polar ကုမ္ပဏီသည် မင်နီဆိုးတာပြည်နယ် အလုပ်ခန့်ထားမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဌာန (Minnesota Department of Employment and Economic Development – DEED) က ၎င်း၏လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ (၇၅) သန်းကို ရရှိထားသကဲ့သို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်သက်သာခွင့်ဖြစ်သည့် Investment Tax Credit (၂၅) ရာခိုင်နှုန်းအထိကို လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News