Local News

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြိတ်ခရိုင်မှပြည်ပသို့ ရေထွက်ကုန်တန်ချိန် ၃၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၄၁ သန်းရရှိ

Last Updated:

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှပြည်ပသို့ ရေထွက်ကုန်တန်ချိန် ၃၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၄၁ သန်းရရှိခဲ့ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ထိုသို့ ရေထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် တနင်္သာရီတို်ငးဒေသကြီး မြိတ်ခရိုင်အနေဖြင့် မောတောနှင့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ဆိုရင် ရေထွက်ကုန်ကို အဓိကတင်ပို့တာကတော့ မြိတ်ခရိုင်ကနေတင်ပို့တာဖြစ်ပါတယ်။ ဒီလိုတင်ပို့ရာမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအနေနဲ့ မောတောင်ကုန်သွယ်ရေးစခန်းကနေ တင်ပို့တာရှိသလို ကော့သောင်းကနေ ရနောင်းကိုတိုက်ရိုက်တင်ပို့တာလဲ ရှိပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာ မြိတ်ခရိုင်ကနေ ရေထွက်ကုန်တင်ပို့နိုင်မှုကတော့ ၃၂၅၆၇ ဒသမ ၆၁ တန် ဖြစ်ပြီး ပို့ကုန်ဝင်ငွေရရှိမှုက အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၄၁ သန်းဖြစ်ပါတယ်။ မြိတ်ခရိုင်အနေနဲ့ ရေငန်ငါးနဲ့ ရေငန်ပုစွန်ကို အများဆုံးထုတ်လုပ်နေပါတယ်” ဟု မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောပြသည်။

တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန် တင်ပို့မှုအနေဖြင့် ကော့သောင်းခရိုင်၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့မှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်များနှင့် အခြားရေထွက်ကုန်များကို လမ်းကြောင်းငါးခုဖြင့် ပြည်ပသို့တင်ပို့နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News