International News

တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းများ စက်တင်ဘာလတွင်း တည်ငြိမ်လျက်ရှိ

Last Updated:

ပြည်တွင်းဝယ်လိုအားများ ဆက်တိုက်ပြန်လည် ကောင်းမွန်လာခြင်းကြောင့် တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းများသည် စက်တင်ဘာလတွင် တည်ငြိမ်ခဲ့ကြောင်း၊ စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) သည် စက်တင်ဘာလတွင် ယခင်နှစ်ကာလတူထက် ၀.၄  ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဩဂုတ်လတွင် ၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏  အချက်အလက်များ အရ သိရှိရပါသည်။

စက်တင်ဘာလတွင် ၀.၄ ရာခိုင်နှုန်း တိုးတက်မှုသည် ယခင်လထက် ကျဆင်းခဲ့ခြင်းဖြစ် ကြောင်း၊ အဓိကအားဖြင့် ယခင်နှစ်ကာလတူက ရရှိခဲ့သည့် အချက်အလက် မြင့်မားခြင်းကြောင့်ဖြစ်ကြောင်း၊ လစဉ်အခြေခံအရ ပြောင်းလဲခြင်းမရှိပါကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ စာရင်းအင်းပညာရှင် Mr. Dong Lijuan ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ခွဲခြမ်းလေ့လာမှုအရ စက်တင်ဘာလတွင် ယခင်နှစ်ကာလတူထက်  စားသောက်ကုန်စျေးနှုန်း များ ၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ စားသောက်ကုန်မဟုတ်သော ဈေးနှုန်းများသည် ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါ သည်။

စားသောက်ကုန်မဟုတ်သော ပစ္စည်းများ၌ စွမ်းအင်စျေးနှုန်းများ ကျဆင်းခဲ့သဖြင့် လေယာဉ်ခ နှင့် ဟိုတယ်တည်းခိုခများ ကျဆင်းသွားသောကြောင့် ခရီးသွားလာသည့်စျေးနှုန်းများ ကျဆင်းခဲ့သော ကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

NBS အချက်အလက်များအရ ထုတ်လုပ်သူစျေးနှုန်းညွှန်းကိန်း (PPI) သည် စက်တင်ဘာလ တွင် ယခင်နှစ်ကာလတူထက် ၂.၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ လစဉ်အခြေခံအရ PPI သည် ၀.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အစောပိုင်းလ၏ ၀.၇ ရာခိုင်နှုန်း ကျဆင်းမှုအရ ကွာဟချက်နည်းသွားခြင်းဖြစ်ကြောင်း၊ Mr. Dong က လစဉ် PPI စွမ်းဆောင်ရည်များသည် နိုင်ငံတကာ ကုန်ပစ္စည်းဈေးနှုန်း အတက်အကျနှင့် ပြည်တွင်းဈေးကွက်တွင် ထိရောက်သည့် ဝယ်လိုအားအတွက် လုံလောက်မှုမရှိခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ခဲ့ကြောင်း သိရှိရပါသည်။

ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပျမ်းမျှ PPI သည် ယခင်နှစ်ထက် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ တရုတ်နိုင်ငံကယခုနှစ်မတ်လတွင်း ပြည်တွင်းဝယ်လိုအားကို ချဲ့ထွင်ရန်အတွက် အကြီးစား စက်ကိရိယာများအဆင့်မြှင့်တင်ခြင်းနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက် ကားမှု အစီအစဉ်ကို အကောင်အထည်ဖော်ရန် အစီအစဉ်တစ်ရပ်ချမှတ်ခဲ့ကြောင်း၊ ဇူလိုင်လတွင် မူဝါဒဆိုင်ရာ ပံ့ပိုး ကူညီမှုများ တိုးမြှင့်ပေးကာ extra funds injection အဖြစ် အထူးငွေတိုက်စာချုပ်များမှတစ်ဆင့် ယွမ် ၃၀၀ ဘီလီယံ အမေရိကန်ဒေါ်လာ ၄၂.၄ ဘီလီယံခန့်) ဖြင့် စတင်လည်ပတ်စေခဲ့ကြောင်း၊  အဆိုပါ အစီအစဉ်မှာ စက်ရုံများရှိ စက်ဟောင်းများကို ခေတ်မီစက်သစ်များဖြင့် အစားထိုးရန်တွန်းအားပေးပြီး လိုက်နာဆောင်ရွက်သူ တစ်ဦးချင်းစီသည် မော်တော်ကားနှင့်အိမ်သုံးပစ္စည်းများအတွက် ထောက်ပံ့ကြေးများကို ခံစားနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် အိမ်ခြံမြေဈေးကွက် တည်ငြိမ်စေရေး ဒေသတွင်းအစိုးရမှ အထူးလုပ်ငန်း များအတွက် ရည်ရွယ်သည့် ငွေချေးစာချုပ်များ၊ အထူးရန်ပုံငွေများနှင့် အခွန်ကောက်ခံမှု မူဝါဒများ အပါအဝင် ဘဏ္ဍာရေးမူဝါဒဆိုင်ရာ နည်းလမ်းများကို ချမှတ်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ကြောင်းလည်း သိရှိရပါ သည်။

 

Source: http://en.people.cn/n3/2024/1014/c90000-20228903.html

စီးပွားရေးသံမှူး ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ       

Category: International News