International News

ဂျပန်နိုင်ငံ၏ လစာနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၃ လတာအတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့

Last Updated:

ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုနှင့်အညီ လစာတိုးမြှင့်ပေးနိုင်မှု မရှိခြင်းကြောင့် ငွေကြေး ဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားသော ဂျပန်နိုင်ငံ၏ လစာနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် လတွင် ၃ လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် လုပ်သားပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဂျပန်ကုမ္ပဏီများ အနေ ဖြင့် ၂၀၂၄ ခုနှစ်တွင် ကျင်းပခဲ့သော လုပ်ခလစာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးလစာနှုန်းထားသို့ တိုးမြှင့်ပေးရန် သဘောတူညီခဲ့ကြကြောင်း၊ ဂျပန်အစိုးရ အနေဖြင့် လစာတိုးမြှင့်မှုမှသည် ဝယ်ယူသုံးစွဲနိုင်မှုမြှင့်တင်နိုင်ရေးအတွက် ကုမ္ပဏီများအနေဖြင့် လစာနှုန်းထားများ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။

အခြေခံလစာနှင့် အချိန်ပိုကြေးအပါအဝင် လစဉ်ပျမ်းမျှလစာမှာ ၃.၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၂၉၆,၅၈၈ ယန်း ရှိခဲ့ကြောင်းနှင့် ၃၂ လဆက်တိုက် မြင့်တက်ခဲ့ကြောင်း၊ ဆုကြေးနှင့်အခြား သော ပံ့ပိုးငွေများ မပါဝင်သည့် ပျမ်းမျှလစာမှာ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၂၆၄,၀၃၈ ယန်း ရှိခဲ့ကြောင်းနှင့် ၃၂ နှစ်အတွင်း အများဆုံးမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အချိန်ပိုကြေးနှင့်အခြားသောရငွေများမှာ ၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁၉,၅၉၉  ယန်းရှိခဲ့ကြောင်း၊ ဆုကြေးငွေများ အပါအဝင် အထူးဝင်ငွေများ ရရှိမှုမှာ ၂.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၁၂,၉၅၁ ယန်း ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 ဂျပန်နိုင်ငံ၏ ကုန်စည်ဈေးနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၃.၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ၃.၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသော ဂျပန်နိုင်ငံရှိ အချိန်ပြည့်လုပ်သား တစ်ဦး၏ လစဉ်ပျမ်းမျှလစာမှာ ၂.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၃၇၇,၈၆၁ ယန်း ရှိခဲ့ကြောင်း၊ အချိန်ပိုင်း အလုပ် သမားတစ်ဦး၏ လစဉ်ပျမ်းမျှလစာမှာ ၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၁၁၀,၀၃၃ ယန်း ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အိမ်ထောင်စုများ၏ ပျမ်းမျှအသုံးစရိတ်မှာ ၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် ၂ လတာအတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ လူ ၂ ဦးနှင့် အထက်ရှိသော အိမ်ထောင်စုများ၏ တစ်လပျမ်းမျှအသုံးစရိတ်မှာ ၂၉၇,၄၈၇ ယန်းရှိကြောင်း၊ လူ ၂ ဦး အနည်းဆုံးရှိသော အိမ်ထောင်စုများ၏ ပျမ်းမျှလစာမှာ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၅၇၄,၃၃၄ ယန်းရှိခဲ့ကြောင်းနှင့် ၄ လဆက်တိုက် မြင့်တက်ခဲ့ကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

 

Source: The Japan Today

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Category: International News