International News

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံ၌ စာရင်းရှင်စာရင်းပိုငွေစံချိန်တင် များပြားခဲ့

Last Updated:

ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ အမြတ်ပြန်လည်ရရှိမှုမှာ အများဆုံးဖြစ်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုငွေမှာ ယန်း ၃.၈၀ ထရီလီယံအထိ စံချိန်တင် များပြားခဲ့ပါသည်။

အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုလျှံမှုမှာ ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၆၅.၈ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၁၉ လဆက်တိုက်ပိုငွေဖြစ်ပေါ်ခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ အမြတ်ခွဲဝေရရှိမှုအပါအဝင် ပင်မဝင်ငွေရရှိမှုမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၈.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၄.၇၀ ထရီလီယံ ယန်း ရှိခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ရခြင်းမှာ ဂျပန်ကုမ္ပဏီများ၏ ပြည်ပတွင် ရင်းနှီးမြှုပ်နှံထား သည့် မော်တော်ယာဉ်နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများမှ အမြတ်ခွဲဝေရရှိမှု များပြားလာခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဆေးဝါးနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်းမှု များပြားခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေမှာ ၃၇၇.၉ ဘီလီယံယန်း ရှိခဲ့ကြောင်း၊ သွင်းကုန်ပမာဏမှာ ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊  ၈.၇၇ ထရီလီယံယန်း ရှိခဲ့ကြောင်းနှင့် ပို့ကုန်ပမာဏမှာ ၆.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၈.၃၉ ထရီလီယံယန်း ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှ ပိုလျှံမှုမှာ ၄၀၄.၅ ဘီလီယံယန်း ရှိခဲ့သည့်အတွက် ဂျပန်နိုင်ငံ၏ ဝန်ဆောင်မှု ကုန်သွယ်မှုလိုငွေမှာ ၆၅.၂ ရာခိုင်နှုန်း လျော့နည်း ခဲ့ပြီး၊ ၁၀၄.၉ ဘီလီယံယန်း ရှိခဲ့ကြောင်း၊  ခရီးသွားလုပ်ငန်းကဏ္ဍ၏ ပိုလျှံငွေဆိုသည်မှာ ဂျပန် နိုင်ငံသားများ ပြည်ပနိုင်ငံများသို့ သွားရောက်၍ သုံးစွဲခဲ့မှုပမာဏထက် ပြည်ပနိုင်ငံသားများမှ ဂျပန်နိုင်ငံတွင် သုံးစွဲမှုပမာဏမှာ ပိုမိုများပြားခဲ့ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ဖော်ပြထားပါ သည်။

ယန်းငွေတန်ဖိုး ကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ လွှဲပြောင်းရရှိလာသည့် ဝင်ငွေများ ပိုမိုရရှိလာသည့် ကောင်းကျိုးများ ဖြစ်ပေါ်လျက်ရှိသလို၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များအနေဖြင့် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန်အတွက် ပိုမို၍စရိတ် စက သက်သာစေလျက်ရှိကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ပျမ်းမျှယန်းငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၄၆.၂၃ ယန်း ရှိခဲ့ကြောင်းနှင့် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း တန်ဖိုး ကျဆင်းခဲ့ကြောင်း၊ ထို့အတူ ယူရိုနှင့် နှိုင်းယှဉ်သည့် ယန်းငွေတန်ဖိုးမှာလည်း ၂.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ၁ ယူရိုလျှင် ၁၆၁.၂၁ ယန်း ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Japan Today

Category: International News