ရုရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်(စိုက်ပျိုးရေးရာသီ - ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်အထိ) ဆန်စပါးတန်ချိန် ၁.၂ သန်းကျော်ရိတ်သိမ်းနိုင်ခဲ့ပြီး ယခင်နှစ် စံချိန်ထက် ၁၇ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားသည် ၂၀၃၀ ပြည့်နှစ်တွင် စပါးတန်ချိန် ၂ သန်းအထိ ရိတ်သိမ်းနိုင်ရန် လျာထား ပြီး ပြည်တွင်းလိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရုံသာမက ပို့ကုန်အလားအလာ ကိုလည်း ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံတွင် စပါးသီးနှံစိုက်ခင်းဧရိယာသည် ခန့်မှန်း ၂၀၇,ဝဝဝ ဟက်တာ ရှိသည်။ ၂၀၂၄ ခုနှစ်တွင် စပါးထုတ်လုပ်နိုင်မှု၏သုံးပုံနှစ်ပုံနီးပါးသည် ရုရှားနိုင်ငံတောင်ပိုင်းရှိ Krasnodar နယ်မြေမှဖြစ်ပြီး စုစုပေါင်းတန်ချိန် ၈၂၉,၀၀၀ ရိတ်သိမ်းနိုင်ခဲ့သည်။ အခြားစိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်၊ နယ်မြေများမှာ Dagestan ၊ Rostov Oblast ၊ Chechen ၊ Astrakhan နှင့် Primorsky Krai တို့ဖြစ်သည်။
ရုရှားတွင် ဆန်စပါးထုတ်လုပ်နိုင်မှုသည် နှစ်စဉ် တန်ချိန် ၁ သန်းကျော်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် စပါးတန်ချိန် ၁.၁ သန်းကျော် ရိတ်သိမ်းနိုင်ခဲ့သည်။
ပြည်တွင်း ဆန်ဖူလုံမှုရရှိစေရန် ရည်ရွယ်လျက် ရုရှားနိုင်ငံမှ ဆန်နှင့် ဆန်စပါးတင်ပို့မှု တားမြစ်ချက်ကို ၂၀၂၂ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ၆ လတစ်ကြိမ် ပုံမှန်သက်တမ်းတိုးခဲ့ရာ လက်ရှိတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက် အထိ သက်တမ်းတိုးထားကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသော ဆန်စပါးများသည် ဆန်လုံးတို(short grain rice)သာဖြစ်ပြီး ပြည်တွင်းစားသုံးရန်အတွက် လုံလောက်စွာထွက်ရှိသော်လည်း ဆန်လုံးရှည် (Long grain rice)သည် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်းလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ ဆန်လုံးရှည်တင်ပို့နိုင်မည့် အလားအလာကောင်းများ ရှိနေကြောင်း သိရသည်။
Source : https://www.interfax.ru/business/1001269
(စီးပွားရေးသံမှူး၊ မော်စကိုမြို့)