International News

ကင်ညာနိုင်ငံသည် ရုရှားနိုင်ငံသို့ ကော်ဖီနှင့် လက်ဖက်ခြောက် တင်ပို့မှု တိုးမြှင့်နိုင်ခြေကို ရှာဖွေနေ

Last Updated:

ကင်ညာနိုင်ငံသည် ရုရှားဈေးကွက်သို့ ကော်ဖီနှင့် လက်ဖက်ခြောက် တင်ပို့မှုပမာဏ သုံးဆ တိုးမြှင့်နိုင်ခြေကို ရှာဖွေနေကြောင်း မော်စကိုမြို့ရှိ ကင်ညာသံအမတ်ကြီး Mr. Peter Mutuku Matuki က ပြောကြားခဲ့သည်။

ရုရှားဈေးကွက်သို့ ကင်ညာကော်ဖီနှင့် လက်ဖက်ခြောက် တင်ပို့နိုင်မှုပမာဏကို တိုးမြှင့်လိုကြောင်း၊ ရုရှားနိုင်ငံတွင် ယင်းထုတ်ကုန်များသည် ဝယ်လိုအား အလွန်ကောင်း နေကြောင်း၊ တင်ပို့မှု သုံးဆခန့် တိုးလာနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ကင်ညာသည် ဈေးနှုန်းတိုးမြင့်ရန် ကြိုးစားမည်မဟုတ်ဘဲ များများထုတ်နိုင်ပြီး ဈေးကွက်သို့ ပိုမိုထောက်ပံ့ပေးနိုင်ကြောင်း ကင်ညာသံအမတ်ကြီး က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် နိုင်ငံပေါင်း ၄၀ ကျော်မှ နှစ်စဉ် ပျမ်းမျှကော်ဖီပမာဏတန်ချိန် ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ တင်သွင်းလျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် ကော်ဖီတန်ချိန် ၁၅၃,၅၅၄ တင်သွင်းခဲ့သည်။ အဓိကတင်သွင်းခဲ့သောနိုင်ငံများမှာ ဗီယက်နမ်(၅၁,၂၀၅)၊ ဘရာဇီး (၃၈,၀၄၅)၊ အင်ဒိုနီးရှား(၇,၄၀၇)၊ နယ်သာလန်(၆,၅၅၉)၊ အီတလီ(၆,၃၇၆)နှင့် အက်စ်တိုးနီးယား(၅,၁၉၄) စသည့်နိုင်ငံများဖြစ်ပြီး ကင်ညာနိုင်ငံသည် ကော်ဖီတန်ချိန် ၇၂ သာ တင်သွင်းနိုင်ခဲ့သည်။

ဘရာဇီးနိုင်ငံ၌ မိုးခေါင်မှုနှင့် ဗီယက်နမ်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းကျရောက်ခဲ့မှုတို့ ကြောင့် ကော်ဖီရိတ်သိမ်းနိုင်မှု ကျဆင်းနိုင်ပြီး ကော်ဖီထောက်ပံ့နိုင်မှုလည်း လျှော့ကျနိုင် သဖြင့် ၂၀၂၅ ခုနှစ်တွင် ကော်ဖီစျေးနှုန်းများ ၂၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ရုရှားနိုင်ငံသည် ရာသီဥတုအခြေအနေကြောင့် ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိဘဲ ကော်ဖီအသားတင်တင်သွင်းသည့်နိုင်ငံဖြစ်သည့်အပြင် ကော်ဖီသုံးစွဲမှုပမာဏသည်လည်း နှစ်စဉ်တိုးတက်လျက်ရှိသည်။ ရုရှားသည် ၎င်းနိုင်ငံအတွင်း လိုအပ်သောကော်ဖီ ပမာဏအား အပြည့်အဝဖြည်းဆည်းပေးနိုင်ရေး ရင်းနှီးဖော်ရွေသောနိုင်ငံများမှ တင်သွင်းလျက်ရှိသဖြင့် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ကော်ဖီတင်ပို့နိုင်မည့် အလားအလာကောင်းများရှိနေကြောင်း သိရသည်။

Source :       https://ria.ru/20250102/keniya-1992284931.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News