International News

5G ကွန်ရက်များတွင် အသုံးပြုထားသော တရုတ်အစိတ်အပိုင်းများကို ဂျာမနီက ဖျက်သိမ်းရန်စီစဉ်

Last Updated:

ဂျာမနီသည် နိုင်ငံ၏လုံခြုံရေးအပေါ် စိုးရိမ်လာသည့်အတွက် တရုတ်နိုင်ငံမှ Telecom ကုမ္ပဏီကြီးများဖြစ်ကြသည့်  Huaweiနှင့် ZTE တို့မှ အစိတ်အပိုင်းများကို ၎င်း၏ 5G ကွန်ရက်များ တွင် အသုံးပြုနေမှုအား လာမည့်နှစ်အနည်းငယ်အတွင်း ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဂျာမန် ပြည်ထဲရေးဝန်ကြီးဌာနက ၁၁-၇-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၆ ခုနှစ်အကုန်တွင် တရုတ်ကုမ္ပဏီကြီးများမှ အစိတ်အပိုင်းများကို 5G core ကွန်ရက် များ၌ အသုံးပြုနေခြင်းမှ ရပ်စဲပိတ်ပင်သွားမည်ဖြစ်ကြောင်းနှင့် 5G အသုံးပြုရာတွင် အထောက် အကူဖြစ်နေသော Huawei နှင့် ZTE တို့၏ အရေးပါသော စီမံခန့်ခွဲမှုစနစ်များကို ၂၀၂၉ ခုနှစ် နှစ်အကုန်တွင် အခြားသောအရာများဖြင့် အစားထိုးမည်ဖြစ်ကြောင်း ဂျာမန်ပြည်ထဲရေးဝန်ကြီး Ms. Nancy Faeser က ပြောကြားခဲ့သည်။

5G ကွန်ရက်များသည် ဂျာမနီနိုင်ငံ၏ အရေးပါသော အခြေခံအဆောက်အအုံ၏ တစ်စိတ် တစ်ဒေသဖြစ်ပြီး၊ ကျန်းမာရေးမှသည် သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်အထိ ကဏ္ဍအသီးသီး၏ လုပ်ဆောင်မှုများအတွက် အဓိကသော့ချက် ဖြစ်ပါသည်။

Ms. Faeser က ၎င်းတို့အနေဖြင့် ဂျာမနီ၏ ဗဟိုအချက်အချာကျသော စနစ်များကို စီးပွားရေးတည်နေရာတစ်ခုအဖြစ် အကာအကွယ်ပေးနေရုံသာမက နိုင်ငံသားများ၊ ကုမ္ပဏီများနှင့် နိုင်ငံ ၏ဆက်သွယ်ရေးကဏ္ဍကိုပါ အကာအကွယ်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ လုံခြုံ ရေးနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များကို လျှော့ချရမည်ဖြစ်ပြီး၊ ယခင်အချိန် ကာလကနှင့် မတူညီဘဲ ယခုအချိန်တွင် တစ်ဖက်သတ် မှီခိုမှုများကို ရှောင်ရှားရမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ဂျာမနီနိုင်ငံ၏ 5G ကွန်ရက်များဖြစ်ကြသော Deutsche Telekom ၊ Vodafone နှင့် Telefonica တို့ကို လုပ်ကိုင်နေကြသည့်ကုမ္ပဏီများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီးမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်းနှင့် ယင်းကုမ္ပဏီသုံးခုနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျာမနီအစိုးရအနေဖြင့် 5G နည်းပညာပံ့ပိုးသူများအပေါ် နိုင်ငံရေးအရ ထည့်သွင်း မစဉ်းစားဘဲ အကဲဖြတ်သင့်ပါကြောင်း တရုတ်အစိုးရက ၁၁-၇-၂၀၂၄ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေးနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များသည် နိုင်ငံရေးနှင့် ဆက်နွယ်နေပါက ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအပေါ် အနှောင့်အယှက်ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ ဂျာမနီအနေဖြင့် အချက်အလက်များကို လေးစားလိုက်နာ၍ သင့်လျော်သောဆုံးဖြတ်ချက်များကိုချမှတ်ကာ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများအတွက် ပွင့်လင်းမြင်သာပြီး ခွဲခြားဆက်ဆံမှုမရှိသော စျေးကွက်ဝန်းကျင်ကောင်းတစ်ခုကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု တရုတ်တာဝန် ရှိသူများက မျှော်လင့်ကြကြောင်းနှင့် Huawei ကဲ့သို့သော တရုတ်ကုမ္ပဏီများသည် ဥရောပတွင် နှစ်ပေါင်းများစွာ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကာ အခွန်များပေးဆောင်ခဲ့သည့်အပြင် အခြေခံအဆောက်အအုံများ တည်ဆောက်ရာ တွင် ပံ့ပိုးကူညီပေးခဲ့ကြောင်း Mr. Lin Jian က ဆက်လက်ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါတရုတ် ကုမ္ပဏီများအနေဖြင့် ဂျာမနီနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေရန် ဆောင်ရွက်ခဲ့သည့် အထောက်အထားများ မရှိကြောင်းကိုပါ ၎င်းက အလေးပေး ပြောကြားခဲ့သည်။

ဂျာမနီနှင့် တရုတ်တို့အကြား ရင်းနှီးကောင်းမွန်သော စီးပွားရေးဆက်ဆံမှုများ ရှိခဲ့ကြ ကြောင်း၊ သို့သော်လည်း ယူကရိန်းစစ်ပွဲနှင့် ရုရှားနှင့်ဆက်ဆံရေး အဆုံးသတ်ခဲ့ပြီးနောက် နောက်ဆက် တွဲဖြစ်ပေါ်လာသော စွမ်းအင်အကျပ်အတည်းတို့ကြောင့် ဂျာမနီသည် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ မှီခိုနေမှုများအား လျှော့ချရန် ကြိုးစားနေခြင်းသာဖြစ်ကြောင်း ဖော်ပြထားပါ သည်။

ယမန်နှစ်က ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz အစိုးရသည် တရုတ်အစိုးရနှင့်  စနစ်ကျသော ပြိုင်ဆိုင်မှုတစ်ခုဖြစ်စေရန် ရည်ညွှန်းသည့် ဆက်ဆံရေး ဗျူဟာတစ်ရပ်ကို ချမှတ်ခဲ့သည်။ ယင်းဗျူဟာအရ ဂျာမနီသည် ရာသီဥတုပြောင်းလဲမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ အပါ အဝင် စိန်ခေါ်မှုများကိုဆောင်ရွက်လိုသည့် ဆန္ဒရှိနေသကဲ့သို့ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံအား စီးပွားရေးအရ မှီခိုနေရသည့်အပေါ် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ချေ အန္တရာယ်များကို လျှော့ချရန် လိုအပ်သည့် မဟာဗျူဟာဖြစ်ကြောင်း ကိုးကားဖော်ပြခဲ့ပြီး ယင်းဗျူဟာအပေါ် တရုတ်ကလည်း ဝေဖန်ခဲ့ကြောင်း သိရှိရပါသည်။

 

 

Source:         https://www.dw.com/en/germany-to-phase-out-chinese-components-in-5g-networks/a-69632743

စီးပွားရေးသံမှူး၊ ဘာလင်

Category: International News