International News

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့

Last Updated:

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယခုနှစ်၊ ပထမနှစ်ဝက်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း တရားဝင် အချက် အလက်များ၌ ဖော်ပြထားသည်ဟု သိရှိရပါသည်။

ဇန်နဝါရီလမှ ဇွန်လအထိ ကုန်စည်ကုန်သွယ်မှုပမာဏသည် (၆.၁)ရာခိုင်နှုန်း မြင့်တက်လာကာ ပို့ကုန် (၆.၉) ရာခိုင်နှုန်းနှင့် သွင်းကုန် (၅.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)၏ အချက်အလက်များအရ သိရှိရပါသည်။

ကိန်းဂဏန်းများအရ နိုင်ငံခြားကုန်သွယ်မှုတွင် အပြုသဘောဆောင်သောလမ်းကြောင်းသည် ပိုမိုခိုင်မာလာကြောင်း လေ့လာသူများက သုံးသပ်ကြပြီး ယခုနှစ် ဒုတိယသုံးလပတ်တွင် သွင်းကုန်နှင့် ပို့ကုန်စုစုပေါင်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၇.၄) ရာခိုင်နှုန်း တိုးလာပြီး ယခုနှစ် ပထမသုံးလပတ်၏ တိုးတက်မှု (၄.၉) ရာခိုင်နှုန်းနှင့် ယမန်နှစ် စတုတ္ထသုံးလပတ်၏ တိုးတက်မှု (၁.၇) ရာခိုင်နှုန်းထက် ပိုမိုမြင့်တက်လာကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုသည် အရည်အသွေးနှင့် အရေအတွက် နှစ်မျိုးစလုံးတွင် ဆက်လက်တိုးတက်နေပြီး စီးပွားရေးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေသည်ဟု GACC မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်နေပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ပထမနှစ်ဝက်တွင် ယွမ် (၃.၃၆) ထရီလီယံရှိကာ လွန်ခဲ့သည့်နှစ်ကထက် (၁၀.၅) ရာခိုင်နှုန်း တိုးတက်လာကာ နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ၏ (၁၅.၉) ရာခိုင်နှုန်းရှိကြောင်း၊ ထို့နောက်တွင် ဥရောပသမဂ္ဂမှ ကုန်သွယ်မှုပမာဏ ယွမ် (၂.၇၂) ထရီလီယံ၊ အမေရိကန်က ယွမ် (၂.၂၉)ထရီလီယံနှင့် ကိုရီးယားသမ္မတနိုင်ငံမှ ယွမ် (၁.၁၃) ထရီလီယံ အသီးသီးရှိကြောင်း သိရှိရပါသည်။

Belt and Road Initiative တွင် ပါဝင်သည့် နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် ပထမခြောက်လအတွင်း (၇.၂) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ကုန်သွယ်မှုပမာဏသည် ယွမ် (၁၀.၀၃)ထရီလီယံအထိ ရှိခဲ့ကြောင်းသိရှိရပါသည်။

ယေဘုယျအားဖြင့် ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် ခိုင်မာသော ခံနိုင်ရည်ရှိမှုနှင့် တက်ကြွမှုကိုပြသခဲ့ပြီး ပို့ကုန်များတည်ငြိမ်၍ တိုးတက်သည့် လမ်းကြောင်းကို ထိန်းသိမ်းထားနိုင်သည်ဟု နိုင်ငံတော်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး သုတေ သနစင်တာမှ တွဲဖက်သုတေသီ Chen Hongna က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စက်ယန္တရားများနှင့် လျှပ်စစ်ပစ္စည်းများသည် တရုတ်နိုင်ငံ၏ ပို့ကုန်စုစုပေါင်း၏ (၆၀) ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရှိရပါသည်။ အထူးသဖြင့် ပထမနှစ်ဝက်တွင် အလိုအလျောက် ဒေတာစီမံဆောင်ရွက်ပေးသည့် စက်ကိရိယာများနှင့် အစိတ်အပိုင်းများ တင်ပို့မှုသည် တစ်နှစ် ထက်တစ်နှစ် (၁၀.၃) ရာခိုင်နှုန်း တိုးလာကာ integrated circuits များသည် (၂၅.၆) ရာခိုင် နှုန်းနှင့် မော်တော်ယာဥ်များသည် (၂၂.၂) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါ သည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် လာမည့်လများအတွင်း အပြုသဘောဆောင်သော အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်လိမ့်မည်ဟု လေ့လာသူများက မျှော်လင့်လျက်ရှိ ကြောင်း သိရှိရပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဝယ်လိုအား ကျဆင်းနိုင်သော်လည်း အာဆီယံ၊ လက်တင်အမေရိကနှင့် BRICS နိုင်ငံများ အပါအဝင် ထွန်းသစ်စနိုင်ငံများသည် အဆိုပါကွာဟချက်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း Citigroup China ၏ စီးပွားရေးပညာရှင် အကြီးအကဲ Yu Xiangrong က ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် တည်ငြိမ်နေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ပြင်ပမှ မရေရာမှုများရှိနေသော်လည်း နိုင်ငံခြားကုန်သွယ်မှုသည် ယခုနှစ်တွင် ပိုမိုကောင်းမွန် သော အရည်အသွေးနှင့် တည်ငြိမ်သောအနေအထားကို ပြသနိုင်မည်ဖြစ်ပြီး ကုန်သွယ်မှု တွန်းအားသစ်များ အရှိန်အဟုန်ဖြင့် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း Chen က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ၏ နည်းပညာတိုးတက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းနှင့် ပြီးပြည့်စုံသော ထောက်ပံ့ရေးနှင့် စက်မှုလုပ်ငန်းကွင်းဆက်များသည် ၎င်း၏ကုန်ထုတ်လုပ်မှု စွမ်းအားကို အားကောင်းစေပြီး ပို့ကုန်လုပ်ငန်းရှင်များအား နိုင်ငံတကာဈေးကွက်များတွင် အားသာချက်များ ရရှိစေခဲ့သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုကာကွယ်ရေးဝါဒ မြင့်တက်လာသည်နှင့်အမျှ ကျွမ်းကျင်သူများက ၎င်း၏ အကျိုးသက်ရောက်မှုကို အနီးကပ်စောင့်ကြည့်ရန် တောင်းဆိုခဲ့ပြီး အလယ်အလတ်ကုန်စည်များ ကုန်သွယ်မှုကို တိုးချဲ့ရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးကို မြှင့်တင်ရန် ပိုမိုကြိုးပမ်းအားထုတ်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

Source: https://english.news.cn/20240712/214500a4b5be4cceab8fc543c3f38c42/ c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News