International News

စင်ကာပူနိုင်ငံ၊ ပြည်တွင်းအခွန်ဌာနနှင့် DBS ဘဏ်တို့အကြား အခွန်ပေးဆောင်မှုများ လွယ်ကူစေရေး ပူးပေါင်းဆောင်ရွက်

Last Updated:

စင်ကာပူနိုင်ငံ၊ ပြည်တွင်းအခွန်ဌာနနှင့် DBS ဘဏ်တို့သည် eGIRO ဝန်ဆောင်မှုပေးနိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စင်ကာပူနိုင်ငံ၊ ပြည်တွင်းအခွန်ဌာနက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။ eGIRO ဝန်ဆောင်မှုသည် စီးပွားရေးလုပ်ငန်းများမှ အခွန်ပေးဆောင်ခြင်းနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် အခွန်ပေးဆောင်ခြင်းတို့ကို myTax Portal မှတစ်ဆင့် General Interbank Recurring Order (GIRO) အတွက် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

Digital GIRO application လုပ်ငန်းစဉ်သည် လူကိုယ်တိုင် လျှောက်လွှာတင်ပြရခြင်းကို လျော့နည်းစေပြီး GIRO အသုံးပြုသူ နှစ်သန်းကျော်ကို အကျိုးရှိစေမည်ဖြစ်ပါသည်။ ယခင်က ကုမ္ပဏီများမှ အခွန်ပေးဆောင်ရာတွင် စာရွက်ဖြင့် GIRO လျှောက်လွှာများကို တင်ပြရပြီး လုပ်ငန်းဆောင်ရွက်မှုအတွက် အနည်းဆုံး ၃ ပတ် စောင့်ဆိုင်းရပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း အလိုက် အခွန်ပေးဆောင်သူများအနေဖြင့် myTax Portal မှတစ်ဆင့် eGIRO အတွက် ဘဏ် ၂ ခုမှသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး အခြားဘဏ်များတွင် ငွေစာရင်း ဖွင့်ထားသူများ အနေဖြင့် စာရွက်ဖြင့် GIRO လျှောက်လွှာများကို တင်ပြရပါသည်။ ပြည်တွင်းအခွန်ဌာနအနေဖြင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီနှင့် ကုမ္ပဏီများမှ နှစ်စဉ်စာရွက်ဖြင့် GIRO လျှောက်လွှာ ၅၀,၀၀၀ ကျော်ကို လက်ခံ ဆောင်ရွက်ပေးရပါသည်။

DBS ဘဏ်ကဆောင်ရွက်သည့် eGIRO သည် ပြည်တွင်းအခွန်ဌာန၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီများမှ အခွန်ပေးဆောင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည့် အပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ eGIRO application များကို ဘဏ် ၇ ခုတွင် ဆောင်ရွက် နိုင်မည်ဖြစ်ပါ သည်။ ထို့ကြောင့် myTax Portal မှတစ်ဆင့် GIRO လျှောက်ထားရန် အခွန် ပေးဆောင်သူများ ပိုမိုများပြားလာမည်ဖြစ်ပါသည်။

GIRO ပါဝင်သည့် ဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ထားသူများနှင့် စီးပွားရေးလုပ်ငန်းများ သည် eGIRO ကို တစ်ဦးချင်းအလိုက် ဝင်ငွေခွန် (Individual Income Tax)၊ Corporate Income Tax၊ ကုန်စည်နှင့်ဝန်ဆောင်မှုအခွန် (Goods and Services Tax)၊ property tax၊ ပင်ရင်းမှနှုတ်ယူပေးသွင်းသည့်အခွန် (Withholding Tax) တို့ကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

အခွန်ပေးဆောင်ရာတွင် လူကိုယ်တိုင်လာရောက် ပေးဆောင်ခြင်းအစား အွန်လိုင်းမှ တစ်ဆင့် ပေးဆောင်နိုင်ရေး အားပေးဆောင်ရွက်ပေးခြင်းဖြင့် အချိန်နှင့်လူသက်သာစေပြီး အခွန်ပေးသွင်းလိုမှုကို တစ်နည်းအားဖြင့် အားပေးရာ‌ရောက်ပါကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် နည်းပညာကို အသုံးချ၍ နိုင်ငံတော်အခွန်ဘဏ္ဍာရရှိရေး ဆောင်ရွက်မှုအနေဖြင့် ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

ရင်းမြစ်။        Inland Revenue Authority of Singapore

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News