International News

စင်ကာပူနိုင်ငံနှင့် Shandong ပြည်နယ်တို့အကြား အစိမ်းရောင်နှင့် ဒီဂျစ်တယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးစင်္ကြံတည်ထောင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

စင်ကာပူနိုင်ငံ၊ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (The Maritime and Port Authority of Singapore–MPA) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shandong ပြည်နယ်၊ ပို့ဆောင်ရေးဌာန တို့အကြား အစိမ်းရောင်နှင့် ဒီဂျစ်တယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးစင်္ကြံ (Singapore – Shandong Green and Digital Shipping Corridor – GDSC) တည်ထောင်ရေးအတွက် နားလည်မှုစာချွန်လွှာကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က စင်ကာပူမြို့၌ ကျင်းပပြု လုပ်ခဲ့သည့် (၂၅) ကြိမ်မြောက် စင်ကာပူ - Shandong စီးပွားရေးကောင်စီအစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ နားလည်မှုစာချွန်လွှာကို MPA ၏ Chief Executive ဖြစ်သူ Mr. Teo Eng Dih နှင့် Shandong ပြည်နယ်၊ ပို့ဆောင်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Mr. Gao Hongyan တို့က လက်မှတ်ရေးထိုးခဲ့ပါသည်။

GDSC သည် စင်ကာပူနိုင်ငံနှင့် Shandong ပြည်နယ်တို့အကြား ကုန်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေး တိုးတက်စေမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ၊ Bohai နှင့် ပင်လယ်ဝါဒေသတို့ကြား ပင်လယ်ရေကြောင်းကဏ္ဍတိုးတက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အားပေးပြီး ဒီဂျစ်တယ်စနစ် အသုံးပြုသည့် နည်းလမ်းများ ချမှတ်နိုင်ရန်အတွက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုရှိသည့် စီးပွားရေးစနစ်ကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး သင်္ဘောလောင်စာဆီ ဖြည့်တင်းမှုပြုလုပ်သည့် နိုင်ငံဖြစ်ပြီး အလုပ်အများဆုံး ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးဆိပ်ကမ်း တည်ရှိပါသည်။ Shandong ပြည်နယ်မှာလည်း ကမ်းရိုးတန်းပြည်နယ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကမ်းရိုးတန်း တစ်လျှောက် အဓိကဆိပ်ကမ်းများနှင့် သင်္ဘောကျင်းများတည်ရှိသည့် ပြည်နယ်ဖြစ်ပါသည်။ Shandong ပြည်နယ်တွင် Qingdao ဆိပ်ကမ်းတည်ရှိပြီး သင်္ဘောကုန်သေတ္တာများ ကုန်တင် ကုန်ချပြုလုပ်သည့် ကမ္ဘာ့အလုပ်အများဆုံးဆိပ်ကမ်းဖြစ်ပါသည်။ Shandong ပြည်နယ်သည် တရုတ်နိုင်ငံတွင်တတိယစီးပွားရေးအင်အားကြီးပြည်နယ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် GDP စင်ကာပူဒေါ်လာ  ၁.၇ ထရီလီယံရှိပါသည်။

နားလည်မှုစာချွန်လွှာအရ စင်ကာပူဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် Shandong ပြည်နယ်၊ ပို့ဆောင်ရေးဌာနတို့သည် ဒီဂျစ်တယ်အသုံးပြုခြင်း၊ သယ်ယူပို့ဆောင်ရေးတွင် ကာဗွန်လျှော့ချခြင်းတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပင်လယ်ရေကြောင်း အုပ်ချုပ်ရေးကဏ္ဍမှ ကိုယ်စားလှယ်များ၊ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်သူများ၊ ပင်လယ်ရေကြောင်းကုမ္ပဏီများ၊ အဆင့်မြင့် သင်ကြားရေးတက္ကသိုလ်များ၊ သင်္ဘောကျင်းများ စသည်တို့မှ ကိုယ်စားလှယ်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်လာသည့်နည်းပညာများ၊ အစားထိုး လောင်စာဆီများကို ဘေးကင်းစွာကိုင်တွယ်စီမံနိုင်ရန် သင်တန်းပေးခြင်း၊ အသိပညာဖလှယ်ခြင်း၊ ဆိပ်ကမ်းရှင်းလင်းရေးလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေးအတွက် သတင်းအချက် အလက်များဖလှယ်ခြင်း၊ အလေ့အကျင့်ကောင်းများနှင့် စံသတ်မှတ်ချက်များ ဖလှယ်ခြင်းစသည့် ကိစ္စရပ်များကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နားလည်မှုစာချွန်လွှာသည် စင်ကာပူ - Tianjin GDSC ပြီးနောက် စင်ကာပူနိုင်ငံနှင့် တရုတ် နိုင်ငံအကြား ဒုတိယမြောက် GDSC ဖြစ်ပါသည်။

ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့လျင်မြန်ခြင်း၊ အဆင့်မြင့် ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် ကုန်သွယ်မှုတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာကုန်စည် စီးဆင်းမှု များ၏ အချက်အခြာနေရာ ဖြစ်လာစေမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ စင်ကာပူနိုင်ငံသည် ၎င်း၏ အားသာချက်ဖြစ်သည့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်စေရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ချဉ်းကပ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါ သည်။

 

ရင်းမြစ်။        The Maritime and Port Authority of Singapore

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News