International News

ဖိလစ်ပိုင်နိုင်ငံ၏ စက်တင်ဘာလထိ ဆန်တင်သွင်းမှုသည် မက်ထရစ်တန်ချိန် ၃ သန်းခန့်ထိ ရောက်ရှိ

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်းဆန်တင်သွင်းမှုသည် ၁-၁-၂၀၂၄ ရက်နေ့မှ ၅-၉-၂၀၂၄ ရက်နေ့ထိ မက်ထရစ်တန်ချိန် ၂.၉ သန်းသို့ ရောက်ရှိခဲ့ပြီးဖြစ်ပြီး ၂.၂၆ သန်းမှာ ဗီယက်နမ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံမှ ၃၈၃,၂၃၀.၇၄ မက်ထရစ်တန်ဖြင့် ဒုတိယနေရာ၊ ပါကစ္စတန် နိုင်ငံမှ ၁၅၆,၂၄၄.၄၈ မက်ထရစ်တန်ဖြင့် တတိယနေရာ၊  မြန်မာ ၆၇,၃၁၅ မက်ထရစ်တန်ဖြင့် စတုတ္ထနေရာနှင့် အိန္ဒိယ ၂၁,၉၁၀.၅၄ မက်ထရစ်တန်ဖြင့် ပဥ္စမနေရာမှလည်းကောင်း အသီးသီး ရပ်တည်လျက်ရှိကြောင်း Bureau of Plant and Industry မှ ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များအရ သိရှိရပါသည်။

အမိန့်ကြော်ငြာစာအမှတ် ၆၂ ဖြင့် ထုတ်ပြန်ခဲ့သည့် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းအား ၃၅% မှ ၁၅% သို့ လျှော့ချပေးခြင်း အကျိုးသက်ရောက်သည့် ၇-၇-၂၀၂၄ ရက်နေ့နောက်ပိုင်းမှစ၍ ဆန်တင်သွင်းမှုများ ကျဆင်းခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဆန်တင်သွင်းမှုပမာဏ ၃၆၁,၇၂၄.၂၀ မက်ထရစ်တန်ရှိပြီး ပုံမှန်တင်သွင်းနေကျပမာဏဖြစ်သော ၃၉၀,၀၆၅.၉၃ မက်ထရစ်တန်ထက် လျော့နည်းခဲ့ပါကြောင်း၊ Bureau of Plant and Industry-BPI မှ ထုတ်ပြန်ချက်အရ BLY Agri Venture Trading မှ မက်ထရစ်တန်ချိန် ၂၀၀,၉၄၆.၉၉ ၊ Orison Free Enterprises Inc;  မှ မက်ထရစ်တန်ချိန် ၁၆၆,၀၉၅.၄၅ ၊ Macman Rice and Corn Trading မှ မက်ထရစ်တန်ချိန် ၁၃၅,၁၆၃.၃၀ တို့ကို အသီးသီး တင်သွင်းထားခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ Sanitary and Phytosanitary Import Clearances (SPSICS) ပေါင်း ၆,၆၃၇ ထုတ်ပေးထားခဲ့ပြီးဖြစ်ပြီး ဆန်တင်သွင်းမှုပမာဏ မက်ထရစ်တန်ချိန် ၆.၈၃ အတွက် လွှမ်းခြုံမှုရှိပါကြောင်း ဖော်ပြထားပါသည်။ ပြည်ပမှ ဆန်တင်သွင်းမည်ဆိုပါက ဆန်တင်သွင်းသူများအနေဖြင့် ဦးစွာ SPSICS အားရယူရမည်ဖြစ်ပြီး ထို့သို့တင်သွင်းလာမှသာ လူနှင့်တိရစ္ဆာန်တို့စားသုံးရန် သင့်တော်မည်ဖြစ်သည့် အာမခံချက်ရှိပါသည်။

အစိုးရအနေဖြင့်လည်း ပြည်တွင်း ဆန်ဈေးနှုန်းများ ကျဆင်းစေရန် မျှော်လင့်လျက်ရှိပါ ကြောင်းနှင့် မြို့တော် မက်ထရိုမနီလာ ဈေးကွက်၊ ၁၃-၉-၂၀၂၄ ရက်နေ့၏ imported well-milled rice ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၄၈.၅ (အမေရိကန်ဒေါ်လာ ၀.၈၆)၊ imported regular milled rice ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၄၂ (အမေရိကန်ဒေါ်လာ ၀.၇၅) ဖြစ်ပြီး Local well-milled rice ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို- ၅၀ (အမေရိကန်ဒေါ်လာ ၀.၉)၊  Local regular milled rice ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၄၈ (အမေရိကန်ဒေါ်လာ ၀.၈၅) တို့ အသီးသီးဖြစ်ပါသည်။

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနမှလည်း ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၄ ခုနှစ်အတွက် ဆန်တင်သွင်းမှုကို မနှစ်ကခန့်မှန်းခဲ့သည့် တန်ချိန် ၄.၇ သန်းထက် လျော့နည်းပြီး တန်ချိန် ၄.၆ သန်းသို့ ပြောင်းလဲခန့်မှန်းထားခဲ့ပြီး အဓိကအကြောင်းအချက်မှာ ဗီယက်နမ်နိုင်ငံမှတင်သွင်းမှု လျော့ကျလာ၍ဖြစ်ပါသည်။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများသည် ဆန်တင်သွင်းမှုအဝင်များ ကျဆင်းနိုင်သည့်လများဖြစ်ပါကြောင်း၊ ဗီယက်နမ်နိုင်ငံမှဆန် တင်ပို့ရောင်းချသူများအနေဖြင့် ၎င်းတို့နှင့် ပြုလုပ်ထားသည့် ဆန်ရောင်းချရေးဆိုင်ရာ သဘောတူညီချက်များကို ဖိလစ်ပိုင်ဘက်မှ ဝယ်သူများနှင့် အမြင့်ဈေးနှုန်းရရှိနိုင်ရေး  ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်လာနိုင်သည်ဟု Philippines Rice Industry Stakeholders Movement (PRISM) မှ ခန့်မှန်းထားရှိပါသည်။

 

Source: https://businessmirror.com.ph/2024/09/16/bpi-rice-import-arrivals-hit-nearly-3mmt-in-september/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News