International News

ဖိလစ်ပိုင်နိုင်ငံသည် ပြောင်းနှင့် ဂျုံတင်သွင်းမှု တိုးမြှင့်နိုင်ကြောင်း ခန့်မှန်းရ

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၄ ခုနှစ်အတွင်း ပြောင်းတင်သွင်းမှုပမာဏအား  ခန့်မှန်းထားသည်ထက်ညှိနှိုင်းပြီး တိုးမြင့်ခန့်မှန်းခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန United States Department of Agriculture (USDA)မှ ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အယ်နီညို သက်ရောက်ခဲ့မှုနှင့် ဆက်လက်၍ armyworms ကျရောက်ခဲ့ခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်း ပြောင်းတန်ချိန် ၁.၁ သန်း တင်သွင်းနိုင်ကြောင်း ခန့်မှန်းထားခဲ့ရာမှတန်ချိန် ၁.၃ သန်းခန့်ထိ တင်သွင်းနိုင်ကြောင်း တိုးမြှင့်ခန့်မှန်းခဲ့ပါသည်။ တရုတ်၊ အိန္ဒိယ၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ဆော်ဒီအာရေဗျ၊ တူရကီနှင့် ဗီနီဇွဲလားတို့မှ ပြောင်းတင်သွင်းမှု မြင့်တက်လာသဖြင့် ကမ္ဘာ့ပြောင်း တင်သွင်းမှုသည်လည်း မြင့်တက်လာပါကြောင်း USDA ၏အစီရင်ခံတွင် ဖော်ပြပါရှိပါသည်။

ထို့ပြင်ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင်လည်း ပြောင်းလက်ကျန်ပမာဏ လျော့နည်းနိုင်သဖြင့် ပြောင်းတင်သွင်းမှု မက်ထရစ်တန် ၁.၃၅ သန်းထိ တိုးမြင့်တင်သွင်းနိုင်ပါကြောင်း၊ သို့ရာ တွင် ကမ္ဘာ့ပြောင်းတင်သွင်းမှုမှာမူ ကျဆင်းနိုင်ပြီး ကနေဒါ၊ တရုတ်၊ အီရန်နိုင်ငံတို့မှ တင်သွင်းမှုကျဆင်းနိုင်၍ဖြစ်ပါသည်။ အီးယူ၊ အိန္ဒိယ၊ မက္ကဆီကို၊ ဖိလစ်ပိုင်တို့မှာမူ ပြောင်းတင်သွင်းမှု တိုးမြင့်နိုင်ကြောင်း ဖော်ပြပါရှိပါသည်။

တချိန်တည်းမှာပင် ဖိလစ်ပိုင်နိုင်ငံသည် ဂျုံစက်ရုံများ၏ ဝယ်လိုအား မြင့်တက်လာခြင်းနှင့် အရည်အသွေးကောင်းမွန်သည့် ဂျုံများလိုအပ်ချက်များလာခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ်အတွင်း ဂျုံတင်သွင်းမှုသည် မက်ထရစ်တန်ချိန် ၇ သန်းခန့်ထိ မြင့်တက်နိုင်ကြောင်း၊ ကမ္ဘာ့ဂျုံတင်သွင်းမှုသည်လည်း အလားတူမြင့်တက်လာနိုင်ပြီး အီးယူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့မှ တင်သွင်းမှု မြင့်တက်လာနိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄-၂၀၂၅ခုနှစ် သီးနှံရာသီအတွင်း armyworms များကျရောက်ခဲ့ခြင်းကြောင့် ဖိလစ်ပိုင် နိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် ကျဆင်းနိုင်ပြီး ပြည်တွင်းရှိ ပြောင်းတောင်သူများနှင့် ပြောင်းထုတ်လုပ်သူများအနေဖြင့် စိုက်ပျိုးမြေများ လျော့နည်းလာခြင်းနှင့် ဆက်လက်၍ armyworms များ ကျရောက်နေခြင်းတို့ကြောင့်ဖြစ်ပါကြောင်း မနီလာမြို့အခြေစိုက် USDA ဌာနခွဲမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။

USDA-Foreign Agricultureal Service Manila မှ ပြီးခဲ့သည့်နှစ်က ဖိလစ်ပိုင်နိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၈.၄ သန်းမှ ၈.၂ သန်းထိ ၂.၃၈% ခန့် ကျဆင်းနိုင်သည်ဟု ခန့်မှန်းခဲ့ပြီး အဓိကပြောင်းစိုက်ပျိုးသည့် Caraga Region တွင်းရှိ စိုက်ပျိုးမြေများသို့ armyworms များ ကျရောက်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန် ၁.၁၇၄ သန်းရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလက ၁.၄၇၃ သန်း ထွက်ရှိခဲ့သဖြင့် နှိုင်းယှဉ်မည်ဆိုပါက ၂၀.၃% ကျဆင်းခဲ့ ကြောင်း ဖိလစ်ပိုင်စာရင်းအင်း အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက် များအရ သိရှိရပါသည်။

စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ရာသီဥတုဆိုးရွား ဖောက်ပြန်ခြင်းကြောင့်ဖြစ်ကြောင်း ဖိလစ်ပိုင် ပြောင်းအသင်းဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များအရ လာမည့် ဒုတိယ ၃ လပတ်တွင်လည်း ရာသီဥတုဆိုးရွားခြင်းကြောင့် ပြောင်းထွက်ရှိမှု ကျဆင်းနိုင်သည်ဟု ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ နှစ်စဉ်ပြောင်းထုတ်လုပ်မှု ၈.၆% ကျဆင်းခြင်းကြောင့် ပီဆို ၂၂၀.၀၄ ဘီလီယံ ဆုံးရှုံးလျက်ပါကြောင်းနှင့် အချို့သော ပြောင်းတောင်သူများသည် ဇူလိုင်လတွင် စတင်စိုက်ပျိုးကြမည်ဖြစ်သဖြင့် ၎င်းတို့ရိတ်သိမ်းမည့်အချိန်အား စောင့်ကြည့်သွားရမည်ဖြစ်ပြီး ထို့မှသာ လာမည့် တတိယ ၃ လပတ်၏ ပကတိအခြေအနေမှန်အတိုင်း ထွက်ရှိမှုကို သိရှိရမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်နှင့် ဒုတိယ ၃ လပတ် (ဇန်နဝါရီလမှ ဇွန်လအထိ) ဖိလစ်ပိုင်နိုင်ငံ၏ ပြောင်း တင်သွင်းမှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၂,၁၇၁,၅၄၄ ရှိပြီး မြန်မာနိုင်ငံမှ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၉၈,၂၇၆,၈၃၅ ဖြင့် ပြောင်းတင်သွင်းမှု စုစုပေါင်း၏ ၄၆.၃% ဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပါသည်။ ကျန်ရှိနေသည့် နိုင်ငံများမှာ အာဂျင်တီးနားမှ ၂၂.၁%၊ ဗီယက်နမ်မှ ၁၇.၂%၊ အမေရိကန်နိုင်ငံမှ ၉.၀%၊ ပါကစ္စတန်နိုင်ငံမှ ၄.၅% နှင့် ထိုင်း၊ ဘရာဇီးလ်တို့မှလည်း အနည်းငယ်စီ တင်သွင်းခဲ့ကြောင်း လေ့လာသိရှိရပါသည်။

 

 

Source: https://businessmirror.com.ph/2024/09/16/phl-seen-buying-more-imported -corn-wheat/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News