International News

တရုတ်နိုင်ငံ၏ အစေ့အဆန်စားသုံးမှုသည် မြင့်တက်လာလျက်ရှိပြီး လူတစ်ဦးချင်း စားသုံးမှုသည် ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာ

Last Updated:

မကြာသေးမီက အမေရိကန်စိုက်ပျိုးရေးဌာန(USDA)၏ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှု ဌာနမှ ထုတ်ပြန်သည့် Tree Nuts Annual report အရ တရုတ်နိုင်ငံ၏ အစေ့အဆန်စားသုံး မှုသည် လွန်ခဲ့သည့်(၅)နှစ်အတွင်း တစ်နှစ်လျှင် (၅)ရာခိုင်နှုန်းတိုးလာခဲ့ပြီး လူတစ်ဦးချင်းစားသုံး မှုသည် ၂၀၃၀ ပြည့်နှစ်တွင် (၁)ကီလိုဂရမ်အထိ ရောက်ရှိမည်ဖြစ်ကာ ၂၀၂၃ ခုနှစ်ကထက် နှစ်ဆနီးပါး မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။

ယခင်နှစ်က တရုတ်နိုင်ငံ၏ အစေ့အဆန်တင်သွင်းမှုသည် စုစုပေါင်း မက်ထရစ်တန် (၄၂၇,၀၀၀)ရှိခဲ့ပြီး ကမ္ဘာပေါ်တွင် မက္ကဒေးမီးယားအများဆုံးတင်သွင်းသူ၊ ပီစတာချီယို ဒုတိယ အများဆုံးတင်သွင်းသူနှင့် ဗာဒံစေ့တတိယအများဆုံးတင်သွင်းသူအဖြစ်ရပ်တည်လျက်ရှိကြောင်း၊ ကမ္ဘာ့အစေ့အဆန်ရောင်းလိုအားတိုးလာခြင်း၊ စားသုံးသူများ၏ကြိုက်နှစ်သက်မှု ပြောင်းလဲလာခြင်းနှင့် အစေ့အဆန်ထုတ်ကုန်များကို ဆန်းသစ်တီထွင်လာခြင်းတို့သည် တရုတ်နိုင်ငံ၏ အစေ့အဆန်တင်သွင်းမှု ဆက်တိုက်မြင့်တက်လာစေရန် အထောက်အကူပြုမည်ဟု မျှော်လင့်ရကြောင်း သိရပါသည်။

တရုတ်နိုင်ငံတွင် အစေ့အဆန်စားသုံးမှုသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နည်းပါးနေသေးသော်လည်း အစားအသောက်ပုံစံများ ပြောင်းလဲလာခြင်းကြောင့် မကြာမီကာလအတွင်း တရုတ်နိုင်ငံ၏ အစေ့အဆန်စားသုံးမှုမှာတိုးလာမည်ဟု မျှော်လင့်ရကြောင်း သိရသည်။ ကပ်ရောဂါလွန်ကာလတွင် စားသုံးသူများသည် အစားအသောက်၏အာဟာရတန်ဖိုးနှင့် လုပ်ဆောင်ချက်များကို ပိုမိုအလေးထားလာသောကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာများဖြစ်သည့် အစေ့အဆန်များသည် မကြာသေးမီက မြို့ပြရှိ လူလတ်တန်းစားများအကြား အလွန်ရေပန်းစားလာခဲ့ကြောင်း သိရသည်။

International Nut and Dried Fruit Council(INC) ၏ အချက်အလက်များအရ တရုတ်နိုင်ငံ၏ အစေ့အဆန်စားသုံးမှုသည် လွန်ခဲ့သော (၅)နှစ်အတွင်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း တိုးလာကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် မက်ထရစ်တန်ချိန် (၈)သန်း (kernel equivalent) ရှိရာ ကမ္ဘာ့စုစုပေါင်း၏ (၁၅)ရာခိုင်နှုန်းရှိကြောင်း၊ INC ၏ ကိန်းဂဏန်းများအရ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံရှိ လူတစ်ဦးချင်း၏ အစေ့အဆန်စားသုံးမှုသည် (၀.၅၆)ကီလိုဂရမ် ရှိပြီး၊ ၎င်းမှာ အမေရိကန်တွင် စားသုံးသော (၂.၆)ကီလိုဂရမ်၏ ငါးပုံတစ်ပုံခန့်နှင့် တောင်ကိုရီး ယားတွင်စားသုံးသည့် (၀.၉၈)ကီလိုဂရမ်၏ တစ်ဝက်ခန့်ဖြစ်ကြောင်း၊  တိုးတက်မှု အလားအလာများကြောင့် INC သည် တရုတ်နိုင်ငံ၌ လူတစ်ဦးချင်း အစေ့အဆန်စားသုံးမှုသည် ၂၀၃၀ ပြည့်နှစ် တွင် (၁)ကီလိုဂရမ်အထိ ရောက်ရှိနိုင်ပြီး ၂၀၂၃ ခုနှစ်ထက် နှစ်ဆနီးပါး ရှိလာမည်ဟု ခန့်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် နွေဦးပွဲတော်အားလပ်ရက်အတွင်း စုဆောင်းရရှိထားသော စျေးကွက်သုတေသန အချက်အလက်များအရ အစေ့အဆန်လက်ဆောင်ဗူးများ(ဖြေဆိုသူ ၄၆.၃ ရာခိုင်နှုန်းမှ ရွေးချယ် ထား)သည် လက်ဖက်ခြောက်လက်ဆောင်ဗူးများ (၃၆.၄ ရာခိုင်နှုန်း)နှင့် Baijiu (တရုတ် အရက် ၃၄.၄ ရာခိုင်နှုန်း) တို့ကို ကျော်တက်ကာ လူကြိုက်အများဆုံး လက်ဆောင်ဗူး အမျိုးအစားအဖြစ်ရှိနေကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် အစေ့အဆန်များကို ပထမတန်းစားမြို့ကြီးများနှင့် နိုင်ငံအရှေ့ပိုင်းရှိ ကမ်းရိုးတန်းဒေသများတွင်နေထိုင်သော လူလတ်တန်းစားနှင့် အထက်တန်းစားများက အဓိက စားသုံးကြကြောင်း၊ ထို့အပြင် စားသုံးသူများ၏ (၆၂)ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး ၎င်းတို့အနက် (၅၃)ရာခိုင်နှုန်းသည် အသက် (၃၄)နှစ်အောက်အမျိုးသမီးငယ်များဖြစ်ကြောင်း၊ ပုဂ္ဂလိက သုတေသနအေဂျင်စီတစ်ခု၏ အချက်အလက်များအရ တရုတ်စားသုံးသူ (၅၀)ရာခိုင်နှုန်းသည် တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် အစေ့အဆန်များကို ဝယ်ယူကြပြီး တစ်ကြိမ်ဝယ်ယူပါက တရုတ်ယွမ် ၁၀၀ (၁၃.၈၆ ဒေါ်လာ) ကျော်သုံးစွဲကြကြောင်း သိရသည်။

အစေ့အဆန်အသုံးပြုသည့်နည်းလမ်းသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်တိုက် ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံတွင် အစေ့အဆန်စားသုံးမှုမြင့်တက်လာမည်ဟု လုပ်ငန်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် တရုတ်၏ အစေ့အဆန်ဈေးကွက်ကို သရေစာထုတ်ကုန်များကကြီးစိုးနေပြီး ပြုပြင်ထားသော အစေ့အဆန်များမှပြုလုပ်သော အစား အစာများ၏ ဈေးကွက်ဝေစုမှာ အနည်းငယ်မျှသာရှိကြောင်း သိရသည်။

အစေ့အဆန်မှထုတ်လုပ်သည့်ထောပတ်များ၊ အစေ့အဆန်ဆီများ၊ အမှုန့်များနှင့် အစေ့ အဆန်ဖြင့်ပြုလုပ်ထားသည့်ဖျော်ရည်များသည် အစေ့အဆန်များကို တရုတ်စားသောက်မှုပုံစံ၌ ပေါင်းစည်းနိုင်သည့် နည်းလမ်းအချို့ဖြစ်ကြောင်း၊  မကြာသေးမီနှစ်များအတွင်း အစားအသောက်များ ချက်ပြုတ်ရာ၌ အစေ့အဆန်များကို အသုံးပြုမှုသည် ကမ္ဘာတစ်ဝန်းတွင် အဆက်မပြတ် ကျယ်ပြန့်လာခဲ့ကြောင်း၊ ဥပမာအားဖြင့် မက္ကဒေးမီးယားကို ဖျော်ရည်ထုတ်ကုန်များတွင်ထည့်သွင်းခြင်း (သို့မဟုတ်) နို့မဟုတ်သောဖျော်ရည်များအတွက် အပင်အခြေခံအဖြစ် အသုံးပြုနိုင်ကြောင်း သိရသည်။

အပင်အခြေခံအစားအစာများသည် တရုတ်နိုင်ငံတွင် ပိုမိုရေပန်းစားလာပြီး အစေ့အဆန်များအတွက် စျေးကွက်အခွင့်အလမ်းများစွာကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အပင် အခြေခံစားသောက်ကုန်လုပ်ငန်းသည် လွန်ခဲ့သည့် (၅)နှစ်အတွင်း တစ်နှစ်လျှင် (၁၄)ရာခိုင်နှုန်းဖြင့် တိုးတက်ခဲ့ပြီး ၎င်း၏တန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၃)ဘီလီယံအထိရှိလာခဲ့ကြောင်း၊ ထို့အပြင် အပင်အခြေခံအစားအစာနှင့် ဖျော်ရည်ထုတ်လုပ်သည့် လုပ်ငန်းအရေအတွက်သည် ယခုအခါ (၈၀၀၀)ကျော်အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ China Academy of International Trade and Economic Cooperation မှ ၂၀၂၄ ခုနှစ်၊ မေလတွင် ထုတ်ပြန်ခဲ့သော အစေ့အဆန်ကုန်သွယ်မှုနှင့် စားသုံးမှုအစီရင်ခံစာအရ တရုတ်နိုင်ငံ၏ အစေ့အဆန်တင်သွင်းမှုနှင့် တင်ပို့မှုသည် ၂၀၁၅ ခုနှစ်ကတည်းက မြင့်တက်လာခဲ့ကြောင်း၊ အစေ့အဆန် တင်သွင်းမှုသည် ၂၀၁၅ ခုနှစ်တွင် (၁၁၇,၀၀၀)မက်ထရစ်တန်ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် (၄၂၇,၀၀၀)မက်ထရစ်တန်သို့မြင့်တက်လာခဲ့ပြီး တင်ပို့မှုမှာ (၆၃,၀၀၀)မက်ထရစ်တန်မှ (၂၉၉,၀၀၀)မက်ထရစ်တန်အထိ မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် စားသောက်ကုန် ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများကို တိုးချဲ့ခြင်းနှင့် pecans ကဲ့သို့သော လူကြိုက်များသော နိုင်ငံခြားအခွံမာသီး အမျိုးအစားများကို ပြည်တွင်း၌ စိုက်ပျိုးရာတွင် အခက်အခဲရှိခြင်းတို့ကြောင့်တရုတ်နိုင်ငံသည် အစေ့အဆန်တင်သွင်းသူအဖြစ် ဆက်လက်တည်ရှိနေဖွယ်ရှိကြောင်း သိရသည်။

INC ၏ အချက်အလက်အရ တရုတ်နိုင်ငံ၏ အစေ့အဆန် တင်သွင်းမှုသည် ၂၀၂၃ ခုနှစ် တွင် (၅)နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ သို့သော်လည်း မကြာသေးမီက စီးပွား ရေး အကြပ်အတည်းများကြောင့် တရုတ်စားသုံးသူများသည် စျေးနှုန်းကို ထိလွယ်ရှလွယ်ဖြစ်ကြ ရာ အစားအစာထုတ်လုပ်သူများသည် ဈေးကွက်၌ ဆက်လက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကုန်ကျ စရိတ်များကို လျှော့ချရန် ကြိုးစားခဲ့ကြကြောင်း၊ ရလဒ်အနေဖြင့် ပြည်ပမှ အစေ့အဆန်များ တင်သွင်းသည့်အခါ ကုန်ကျစရိတ်ကို ပိုမိုသတိထားလာကြကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မက္ကဒေးမီးယား တင်သွင်းမှုတွင် ကမ္ဘာ့အဆင့်၌ ထိပ်ဆုံးမှ ရပ်တည်နေကာ ပြီးခဲ့သည့် သုံးနှစ်အတွင်း အခွံနှင့် အခွံပါ မက္ကဒေးမီးယား ဝယ်ယူတင်သွင်းမှုသည် နှစ်ဆတိုးလာခဲ့ကြောင်း၊ အကျိုးဆက်အနေဖြင့် ကမ္ဘာတစ်ဝန်း၌ ရောင်းလိုအား မြင့်တက်လာပြီး စျေးနှုန်းများ ကျဆင်းလာကြောင်း၊ တရုတ်၊ ဥရောပနှင့် အမေရိကန်တို့၏ ဝယ်လိုအားကြောင့် ကမ္ဘာ့မက္ကဒေးမီးယား တင်သွင်းမှု လျင်မြန်စွာ တိုးလာသော်လည်း ၂၀၂၄/၂၅ တွင် အစေ့အဆန် တင်သွင်းမှုသည် နှေးကွေးသွားလိမ့်မည်ဖြစ်ပြီး ဈေးနှုန်းလည်းမြင့်တက်လာမည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းထားကြကြောင်း၊ တောင်အာဖရိကသည် မက္ကဒေးမီးယားအထွက်နှုန်း လျင်မြန်စွာ တိုးလာခြင်းကြောင့် တရုတ်နိုင်ငံသို့ မက္ကဒေးမီးယား အဓိကရောင်းချသူဖြစ်လာပြီး တရုတ်နိုင်ငံရှိ စျေးကွက်ဝေစု၏ ထက်ဝက်ခန့်ကို ရရှိထားကြောင်း၊ ထို့အပြင် သြစတြေးလျနှင့် ကင်ညာတို့ကလည်း တရုတ်နိုင်ငံသို့ မက္ကဒေးမီးယားများ အဓိကရောင်းချသူများ ဖြစ်လာကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ၂၀၂၃ ခုနှစ်၌ တရုတ်သည် ဥရောပသမဂ္ဂပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံး pistachios ဝယ်ယူသူဖြစ်လာကြောင်း၊ တရုတ်နိုင်ငံသည် pistachios အများစုကို အမေရိကန်ပြည်ထောင်စုမှ တင်သွင်းပြီး စုစုပေါင်းတင်သွင်းမှု၏ (၈၀)ရာခိုင်နှုန်းကျော်ရှိကြောင်း၊  ကယ်လီဖိုးနီးယားပြည်နယ်တွင် pistachios စံချိန်တင် ထုတ်လုပ်နိုင်မှုနှင့် အီရန်မှ ရောင်းချမှု အကန့်အသတ်များကြောင့် ယခင်နှစ်က တရုတ်၏ အမေရိကန်မှ pistachios တင်သွင်းမှုသည် (၁၄၀)ရာခိုင်နှုန်း တိုးလာကြောင်း၊ ၂၀၂၄/၂၅ တွင် တရုတ်၏ pistachios ဝယ်လိုအားသည် ဆက်လက်မြင့်မားနေမည်ဟု ခန့်မှန်းထားသော်လည်း အမေရိကန်မှတင်သွင်းမှုသည် ၂၀၂၃/၂၄ နှင့် နှိုင်းယှဉ်ပါက ကျဆင်းဖွယ်ရှိကြောင်း၊ တရုတ်သည် pistachio ကို အီရန်မှ ဒုတိယအများဆုံး တင်သွင်းရာလာမည့်နှစ်တွင် pistachio ရောင်းချမှု ပြန်လည်ကောင်းမွန်လာခြင်းကြောင့် အီရန်မှ တင်သွင်းမှုတိုးလာမည်ဟု ခန့်မှန်းထားကြောင်း၊ ကမ္ဘာ့ဒုတိယအများဆုံး pistachios ထုတ်လုပ် သည့် တူရကီသည် တရုတ်နိုင်ငံသို့ pistachio အဓိက ရောင်းချသူမဟုတ်သော်လည်း  တူရကီ၏ ထုတ်လုပ်မှုသည် ယခုနှစ်တွင် နှစ်ဆတိုးလာမည်ဖြစ်၍ တရုတ်အနေဖြင့် တူရကီမှ တင်သွင်းမှု တိုးလာနိုင်ကြောင်း သိရသည်။

အခြားအစေ့အဆန်တစ်မျိုးဖြစ်သည့် ဗာဒံစေ့ကို တရုတ်နိုင်ငံမှ တင်သွင်းမှုသည် ဥရောပ သမဂ္ဂနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့တတိယအဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်အပါအဝင် ဗာဒံစေ့အဓိကထုတ်လုပ်သည့် နိုင်ငံများအားလုံး၌ ဗာဒံစေ့ခူးဆွတ်လျက် ရှိရာ တရုတ်နိုင်ငံ၏ တင်သွင်းမှုသည် ၂၀၂၄/၂၅ တွင် မြင့်တက်လာမည်ဟု ခန့်မှန်းရကြောင်း၊ ၂၀၂၃/၂၄ တွင် ကယ်လီဖိုးနီးယားနှင့် သြစတြေးလျတို့တွင် (၅)နှစ်အတွင်း ထုတ်လုပ်မှု အနိမ့်ဆုံးသို့ ရောက်ရှိသွားသောကြောင့် တရုတ်၏ ဗာဒံစေ့တင်သွင်းမှုသည် သုံးပုံတစ်ပုံခန့် ကျဆင်း သွားခဲ့ပြီး ရောင်းလိုအားပြတ်လပ်မှုကို ကြုံတွေ့ခဲ့ရကြောင်း၊ သြစတြေးလျဗာဒံစေ့များသည် နှစ်နိုင်ငံကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ကြောင့် စျေးကွက်ဝေစု လျင်မြန်စွာ ရရှိနေသော်လည်း အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏ ဗာဒံစေ့ အဓိကတင်သွင်း ရောင်းချသူအဖြစ် ဆက်လက်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် စပိန်နိုင်ငံမှ ဗာဒံစေ့များကို စတင်တင်သွင်းနေသော်လည်း ပမာဏမှာ နည်းပါးနေသေးကြောင်း သိရသည်။

ပြည်ပသို့ အစေ့အဆန်တင်ပို့မှုအနေဖြင့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာခြင်းကြောင့် တရုတ်နိုင်ငံ၏ သစ်ကြားသီးများ တင်ပို့မှုမှာ ၂၀၂၄/၂၅ ရာသီတွင်လည်း ဆက်လက်မြင့်တက် နေမည်ဖြစ်ကြောင်း၊ တရုတ်သစ်ကြားသီးကို အရှေ့အလယ်ပိုင်းနှင့် အာရှအလယ်ပိုင်းနိုင်ငံများ အထူးသဖြင့် အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ကာဂျစ္စတန်နိုင်ငံများသို့ တင်ပို့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်လာမှုကြောင့် တရုတ်နိုင်ငံသည် အခွံပါမက္ကဒေး မီးယားများကို နိုင်ငံတကာဈေးကွက်များသို့ တင်ပို့ခဲ့ပြီး အဓိကအားဖြင့် သြစတြေးလျနှင့် အမေရိ ကန်တို့ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်မူ အခွံနှင့် အခွံခွာထားသော တရုတ်နိုင်ငံမှ ဗာဒံစေ့ များကို ဗီယက်နမ်နိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံများကို အဓိကတင်ပို့ပြီး တင်ပို့သည့် ပမာဏသည် ယခုအချိန်အထိ အနည်းငယ်မျှသာရှိသော်လည်း တဖြည်းဖြည်း တိုးလာကြောင်း သိရသည်။

Source: https://www.producereport.com/article/chinas-surging-nut-consumption-capita-intake-set-double-2030

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News