International News

ဟောင်ကောင်ဒေသနှင့် ပီရူးနိုင်ငံတို့အကြား လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး

Last Updated:

နှစ်နှစ်ကြာ ညှိနှိုင်းဆွေးနွေးမှုအပြီး ဟောင်ကောင်ဒေသနှင့် ပီရူးနိုင်ငံတို့အကြား လွတ်လပ် စွာကုန်သွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် “HK-Peru FTA to boost more than 150 sectors” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါ FTA စာချုပ်ကို ဟောင်ကောင်ဒေသ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး Algernon Yau နှင့် ပီရူးနိုင်ငံ စီးပွားရေးဝန်ကြီး Ursula Desliu Leon တို့က လက်မှတ်ရေးထိုးခဲ့ပြီး၊ နှစ်ဖက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများ ပြီးစီးပါက စတင်သက်ဝင်မည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ပီရူးနှင့်ချုပ်ဆိုသည့် လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ်သည် ဟောင်ကောင်ဒေသ အတွက် (၉) ခုမြောက် FTA စာချုပ်ဖြစ်ပြီး၊ ပီရူးနိုင်ငံသည် ဟောင်ကောင်ဒေသနှင့် သဘောတူ စာချုပ် လက်မှတ်ရေးထိုးသည့် (၂၁) နိုင်ငံမြောက် နိုင်ငံဖြစ်လာပါသည်။ ထိုကဲ့သို့ FTA စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ဝန်ဆောင်မှုကဏ္ဍ (၁၅၀) အတွက် အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်းရေးသားဖော်ပြထားပါသည်။

ပီရူးနိုင်ငံသည် လက်တင်အမေရိကဒေသ၌ ဟောင်ကောင်ဒေသ၏ ပဉ္စမအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ ယခင်နှစ်အတွင်း စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ဟောင်ကောင်ဒေါ်လာ ၅.၂ ဘီလီယံရှိခဲ့ကြောင်း၊ ပီရူးမှ ဟောင်ကောင်ဒေသသို့ တင်ပို့မှုတန်ဖိုးမှာ ကုန်သွယ်မှုစုစုပေါင်း၏ သုံးပုံတစ်ပုံသာရှိပြီး ပီရူး၏ ထုတ်ကုန်များဖြစ်သည့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်၊ ငါးဖြင့် ပြုလုပ်သည့် အစားအစာများ တင်ပို့သွားရန် စိတ်အားထက်သန်လျက်ရှိကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့

Category: International News