International News

ဂျာမနီတွင် ကုမ္ပဏီဒေဝါလီခံမှုများ မြင့်တက်လာ

Last Updated:

ဂျာမနီတွင် ၂၀၂၄ ခုနှစ်၏ ပထမသုံးလအတွင်း ကုမ္ပဏီပေါင်း (၅၂၀၉) ခု ဒေဝါလီခံရန် လျှောက်ထားခဲ့ကြောင်းနှင့် လျှောက်ထားမှုများ ဆက်လက်ရှိနေဦးမည်ဟု မျှော်လင့်ရကြောင်း German Federal Statistical Office (Destatis) ၁၄-၆-၂၀၂၄ ရက်တွင် ပြောကြားခဲ့သည်။ ယခုနှစ်တွင် ဂျာမနီ၌ ကုမ္ပဏီဒေဝါလီခံမှုများ အမှုပေါင်း (၂၀,၀၀၀) ခန့် တိုးလာနိုင်ပြီး၊ ယင်းသည် ကာလရှည်ပုံစံ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့ ကြကြောင်းနှင့် နောက်ဆုံးထုတ်ပြန်ခဲ့သော ကိန်းဂဏန်းအချက်အလက်များက ယခုနှစ် ဒေဝါလီ ခံမှုများသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၂၆.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာ ကြောင်း ဖော်ပြထားပါသည်။

အဆိုပါပမာဏသည် ဒေဝါလီခံမှု (၄၆၈၃) ခုရှိခဲ့သော ကိုဗစ် (၁၉) ကပ်ရောဂါဒဏ်ကို အပြည့် အဝ ကြုံတွေ့ရမှုမရှိသေးသည့် ၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလပတ်ကထက် ၁၁.၂ ရာခိုင်နှုန်းခန့် ပိုများနေကြောင်းနှင့် ကပ်ရောဂါကာလအတွင်း အထူးစီမံချက်များနှင့် ယာယီထုတ်ပြန်ခဲ့သော ဥပဒေစည်းမျဉ်းများကြောင့် ဒေဝါလီခံမှုနှုန်း ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်မှုများ ဆောင်ရွက်သည့်ကဏ္ဍများတွင် ဒေဝါလီခံမှု အများဆုံးဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် နှစ်အစတွင် ကုမ္ပဏီရေအတွက်(၁၀,၀၀၀)၌ ဒေဝါလီခံမှု ၂၉.၆ မှုခန့်ရှိကြောင်း ဖော်ပြထားပါသည်။ ၎င်း၏နောက်တွင် ဆောက်လုပ်ရေးကဏ္ဍ၌ ၂၃.၅ မှု၊ အလုပ် အကိုင်ရှာဖွေရေးအေဂျင်စီကဲ့သို့ အခြားသော စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများ၌ ၂၃ မှုနှင့် ထုတ်လုပ်မှုကဏ္ဍ၌ ၂၀.၃ မှုခန့်ရှိကြောင်း ဖော်ပြထားပါသည်။

ယင်းဒေဝါလီခံမှုများအနက်မှ ရရန်ရှိသူများ၏ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ တိုင်ကြား တောင်းဆိုမှုများမှာ ယူရို (၁၁.၃) ဘီလီယံခန့်ရှိကြောင်းကို ယမန်နှစ်က ယူရို (၆.၇) ဘီလီယံခန့်ရှိခဲ့မှုနှင့် နှိုင်းယှဉ်လျက် ဒေသတွင်း တရားရုံးများက ခန့်မှန်းဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် စားသုံးသူ ဒေဝါလီခံမှုအနေဖြင့် (၁၇,၄၇၈) ခုရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်ကာလနှင့် နှိုင်းယှဉ်ပါက ၄.၈ ရာခိုင်နှုန်း တိုးလာကြောင်းနှင့် ယမန်နှစ်က Destatis ၏ ကိန်းဂဏန်းများအရ ၂၀၂၃ခုနှစ် အောက်တိုဘာလတွင်၂၀၂၂ခုနှစ် အောက်တိုဘာလကထက် ၂၂.၄ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြခဲ့ပါသည်။

ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီသည် စီးပွားရေးကျဆင်းမှုမှ လွတ်မြောက်ခဲ့ပြီဟူသော မျှော်လင့်ချက်များကို မြှင့်တင်ပေးနေစဉ်တွင် ဂျာမန်ပို့ကုန်တင်ပို့မှုများ အရှိန်ရလာကြောင်း ၇-၆-၂၀၂၄ ရက်က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။ ဂျာမနီရှိ ဒတ်ခ်ျဘဏ် ING ၏ စီးပွားရေးပညာရှင်ကြီးဖြစ်သော Carsten Brzeski က အဆိုပါကိန်းဂဏန်းများကို အကောင်းမြင်သူများအတွက် နောက်ထပ်ရေအေးအဖြစ် ဖော်ပြထားခဲ့သည်။

ပို့ကုန်တင်ပို့မှုကို အလေးထားသော ဂျာမနီ၏ စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးနှေးကွေးမှု၊ စွမ်းအင်ဈေးနှုန်းများ မြင့်မားမှုနှင့် အတိုးနှုန်းများ မြင့်တက်မှုတို့ကြောင့် မကြာသေးမီနှစ်များ အတွင်း ပြင်းထန်စွာ ထိခိုက်ခဲ့ရကြောင်း သိရှိရပါသည်။

 

 

Source:         https://www.dw.com/en/germany-sees-company-bankruptcies-soar/a-69358663

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News