International News

တရုတ်နိုင်ငံအနေဖြင့် အီးယူ၏ လျှပ်စစ်ကားနှင့်ပတ်သက်၍ သတ်မှတ်သည့် အခွန်အပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်ကား (EV) များအပေါ် ယာယီထောက်ပံ့မှု ဆန့်ကျင်ခွန် (temporary anti-subsidy tax) တစ်ရပ် စည်းကြပ်သွားရန် ဥရောပကော်မရှင် ၏ ပဏာမစီရင်ချက်အပေါ် တရုတ်နိုင်ငံသည် ၎င်း၏ ကြီးမားသော စိုးရိမ်မှုနှင့် မကျေနပ်မှုများကိုဖော်ပြခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ပြောကြားချက်အရ သိရှိရသည်။

တရုတ်နိုင်ငံအနေဖြင့် ဥရောပကော်မရှင်၏ မှားယွင်းသောလုပ်ရပ်ကိုချက်ချင်းပြုပြင်ရန် ဥရောပသမဂ္ဂသို့ တောင်းဆိုထားပြီး အဖွဲ့အစည်းနှစ်ရပ်အကြားဖြစ်ပွားနေသည့် ကုန်သွယ်မှု ပဋိပက္ခများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရန်မည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် တောင်းဆိုထားကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သက်သေအထောက်အထားများနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများကို ဂရုမစိုက်ဘဲချမှတ်ခဲ့သည့် အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် အကြိမ်ကြိမ်ကန့်ကွက်ခဲ့ပါကြောင်း၊ အီးယူ (EU) အဖွဲ့ဝင် နိုင်ငံများစွာမှ အစိုးရများနှင့် ဒေသစက်မှု လုပ်ငန်းများ၏ အယူခံဝင်မှုနှင့် သတိပေးချက်များကိုလည်း လျစ်လျူရှုခဲ့ကြောင်း၊ စီရင်ချက်တွင် တရုတ်နိုင်ငံ၏ လျှပ်စစ်ကားလုပ်ငန်းအတွက် တရားမျှတပြီး ပွင့်လင်းသော ယှဉ်ပြိုင်မှု၏ ရလာဒ်ကို အသိအမှတ်မပြုခဲ့ကြောင်း၊ ယင်းမှာ WTO စည်းမျဉ်းများကို ချိုးဖောက်၍ စုံစမ်းစစ်ဆေးမှုကာလအတွင်း တရုတ်ကုမ္ပဏီများ၏ ကျယ်ကျယ်ပြန့်ပြန် ပူးပေါင်းဆောင်ရွက်မှုကိုလည်း အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့သည်။

ဥရောပကော်မရှင်၏ ဆုံးဖြတ်ချက်သည် “တရားမျှတသော ယှဉ်ပြိုင်မှုကို ထိန်းသိမ်းခြင်း” ခေါင်းစဉ်အောက်တွင် ကုန်သွယ်မှုဆိုင်ရာ ပဋိပက္ခများ ပြင်းထန်လာခြင်း၊ တရားမျှတသော ယှဉ်ပြိုင်မှုကို ပျက်ပြားစေခြင်းနှင့် အကျိုးစီးပွားကာကွယ်ရေးမူဒကို ကျင့်သုံးလာခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် တရုတ်နိုင်ငံ၏ လျှပ်စစ်ကားလုပ်ငန်းအတွက် တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်ရုံမျှမက ကမ္ဘာ့မော်တော်ယာဉ်ထုတ်လုပ်ရေးကို ထိခိုက်စေနိုင်ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်ကြောင့် တရုတ်နိုင်ငံနှင့် အီးယူနိုင်ငံများအကြား နှစ်နိုင်ငံ စီးပွား ရေးနှင့် ကုန်သွယ်‌ရေး ပူးပေါင်းဆောင်ရွက်မှုတို့အတွက် အဆင်မပြေသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလျက်ရှိကြောင်း၊ ဥရောပနိုင်ငံများရှိ EV အသုံးပြုသူများ၏ အကျိုးစီးပွားကို အဟန့်အတားဖြစ်စေရုံသာမက အစိမ်းရောင်ကူးပြောင်းရေး (green transitioning) နှင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင်၎င်း၏ ပူးပေါင်းဆောင်ရွက်ရေးတို့၌ အီးယူ၏ ကိုယ်ပိုင်ပန်တိုင်းများကို ထိခိုက်စေကြောင်းအဆိုပါပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အီးယူနိုင်ငံများ၏ တိုးတက်မှုများနှင့် အပြိုင် လျှပ်စစ်ကားလုပ်ငန်း များကိုဆက်၍ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွား များကို အခိုင်အမာကာကွယ်ပေးနိုင်မည့် လိုအပ်သော အစီအမံများကိုလည်း ပြင်ဆင်ထားကြောင်း ပြောကြားချက်များအရ သိရှိရပါသည်။

 

 

အရင်းမြစ်။ http://www.chinadaily.com.cn/a/202406/12/WS66698c17a31082fc043cc 23c.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

 

Category: International News