International News

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သည် ၎င်း၏ ထူးခြားသော စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုအတွက် အားထုတ်ကြိုးပမ်းလျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း အတွက် အဓိကထားသည့် ထူးခြားသော စိုက်ပျိုးရေးအခြေခံတည်ဆောက်မှုများကို အရှိန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယူနန်ပြည်နယ် စိုက်ပျိုးရေလုပ်ငန်း၏ ထူးခြားမှု၊ အစိမ်း ရောင်ကဏ္ဍနှင့် အရည်အသွေးမြင့်မားမှုတို့သည် ထင်းရှာသော အမှတ်လက္ခဏာများဖြစ် ကြောင်း ပြည်နယ်အစိုးရ လက်ထောက်အတွင်းရေးမှူး Wang Xiangang က ပေကျင်းမြို့ရှိ နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံး၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယူနန်ပြည်နယ်အနေဖြင့် အစိမ်းရောင်စိုက်ပျိုးခြင်းကို အားပေးလျက်ရှိပြီး စိုက်ပျိုးရေး လုပ်ငန်း စဉ်၊ အအေးခန်းကွင်းဆက် (cold-chain) ၊ ကာကွယ်ထိန်းသိမ်းခြင်း (preservation) နှင့် ထောက်ပံ့ပို့ဆောင်ရေး (logistics) တို့၌ မြှင့်တင်ပေးလျက်ရှိသည်။ ထိရောက်သော တိုးတက် မှုကိုရရှိစေရန်အတွက် ပိုမိုကောင်းမွန်သော နည်းပညာဆိုင်ရာကိရိယာများကို အသုံးပြုရန် တိုက်တွန်းထားသည်။

၂၀၂၃ ခုနှစ်တွင် ယူနန်ပြည်နယ်ရှိ အဓိကစိုက်ရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးသည် ယွမ် ၂ ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၄၅ ဘီလီယံ) သို့ ရောက်ရှိခဲ့ပြီး ပြုပြင်ပြီး လယ်ယာထွက်ကုန်များ၏ ထုတ်လုပ်မှုတန်ဖိုးသည်လည်း ယွမ် ၁ ဒသမ ၄ ထရီလီယံကျော်လွန်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ယူနန်ပြည်နယ်သည် ယခင်နှစ်အတွင်း ပန်းမျိုးပေါင်း ၁၉ ဘီလီယံအထိ စိုက်ပျိုးထွက်ရှိခဲ့ သဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ပန်းထွက်ရှိရာဒေသ (fresh-cut flower production area) ဖြစ်လာခဲ့ပြီး ပြည်နယ်၏မြို့တော် ကူမင်းမြို့ရှိ Dounan ပန်းဈေးသည်လည်း ကမ္ဘာတစ်ဝှမ်းရှိ ပန်းရောင်းဝယ်ရေး၏ စံထားရာနေရာတစ်ခု ဖြစ်လာခဲ့သည်။

ထို့အပြင် ယူနန်ပြည်နယ်သည် နိုင်ငံ၏ လက်ဖက်ရွက်စိုက်ပျိုးထုတ်လုပ်ရေးတွင် ဦးဆောင် လျက်ရှိပြီး တရုတ်နိုင်ငံရှိ ကော်ဖီထုတ်လုပ်မှု၏ ၉၈ ရာခိုင်နှုန်းကို စိုးမိုးထားနိုင်သည့် ကော်ဖီ စိုက်ခင်းများရှိသဖြင့် ကမ္ဘာပေါ်တွင် ကော်ဖီစိုက်ပျိုးမှုအတွက် အသင့်တော်ဆုံး ဒေသတစ်ခုအဖြစ်ကျော်ကြားသည်။ ယူနန်ကော်ဖီ၏ အရည်အသွေးကို နိုင်ငံတကာမှလည်း အသိအမှတ် ပြုထားသည်။

ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံတွင် အမျိုးစုံသော သစ်သီးဝလံများ ထွက်ရှိသည့်ဒေသလည်း ဖြစ်သည်။ ထောပတ်သီးနှင့် နွေရာသီ စတော်ဘယ်ရီသီး စိုက်ပျိုးထုတ်လုပ်မှုသည် တစ်နိုင်ငံလုံး စုစုပေါင်း ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းရှိသည်။ ပြည်နယ်၏ တရုတ်တိုင်းရင်းဆေး (Chinese herbal medicines) အမျိုးအစားပေါင်း ၁၄၅ ကျော်သည် နိုင်ငံဈေးကွက်၏ ထက်ဝက်ခန့်ကို ထောက်ပံ့ပေးလျက်ရှိသည်။

ပြည်နယ်၏ ထူးခြားသော ကုန်ပြင်မြင့်စိုက်ပျိုးရေးသည် ခိုင်မာသောအခြေခံအုတ်မြစ်ရှိပြီး ဖွံ့ဖြိုးမှုအတွက် မြေနေရာများစွာဖြင့် တိုးတက်မှု အလားအလာရှိကြောင်း တွေ့ရှိရသည်။ လက်ရှိကာလသည် ကြီးမားသောအခြေအနေမှ ကြံခိုင်မှုရှိလာစေရန် အသွင်ကူးပြောင်းရေး၏ အရေးကြီးသော အချိန်ကာလဖြစ်ကြောင်း၊ ပြည်နယ်၏ အရည်အသွေးမြှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ဂေဟစနစ်ထိန်းသိမ်းရေး၏ အဓိကအခန်းကဏ္ဍကို အလေးထားရမည်ဖြစ်ကြောင်း၊ ဂေဟစနစ်ကောင်းမွန်ခြင်းသည် ယူနန်ပြည်နယ်နှင့် နိုင်ငံအတွက် အဖိုးတန်သော ရတနာတစ်ခုဖြစ်ပြီး မျိုးဆက်တစ်ခုမှတစ်ခု လက်ဆင့်ကမ်း ကာကွယ်စောင့်ရှောက်သင့်ကြောင်း၊ ပြည်နယ်အတွင်းရှိတောင်များ၊ သစ်တောများ၊ အင်းအိုင်များနှင့် မြစ်တစ်ခုချင်းစီကို ကာကွယ်ရန် ကြိုးပမ်းအားထုတ်မှုကို နှောင့်နှေးမည်မဟုတ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Wang Yubo က အဆိုပါသတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 

 

အရင်းမြစ်။ http://en.www.km.gov.cn/2024-06/05/c_993165.htm

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News