International News

ဗီယက်နမ်လေကြောင်းလိုင်းသည် ဗီယက်နမ်- ဖိလစ်ပိုင် လမ်းကြောင်း စတင်ပြေးဆွဲ

Last Updated:

ဗီယက်နမ်လေကြောင်းလိုင်းသည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကြား လမ်းကြောင်းကို စတင်ပြေးဆွဲခဲ့ပြီး အဆိုပါ ကျွန်းနိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်မှု ထူထောင်သည့် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးလေကြောင်းလိုင်းဖြစ်ကြောင်း Vietnam News Agency အွန်လိုင်းသတင်း ဖော်ပြချက်အရသိရှိရပါသည်။

ဗီယက်နမ်လေကြောင်းလိုင်း၏ ပထမဦးဆုံးလေယာဉ်ခရီးစဉ် VN648 အား တနင်္လာနေ့ နံနက် ၁၂ နာရီ ၅၀ မိနစ်တွင် ဟိုချီမင်းမြို့မှ ထွက်ခွာခဲ့ပြီး နံနက် ၀၄ နာရီ ၂၀ မိနစ်တွင် မနီလာမြို့ရှိ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။

အမျိုးသားလေကြောင်းလိုင်းသည် အရှေ့တောင်အာရှနှစ်နိုင်ငံကြား တစ်ပတ်လျှင် ပျံသန်းမှု ခုနစ်ကြိမ် ပျံသန်းမည်ဖြစ်ကြောင်းနှင့် ဟိုချီမင်း-မနီလာကြား လေးကြိမ်ပျံသန်းမည်ဖြစ်ပြီး ဟနွိုင်း-မနီလာကြား သုံးကြိမ်ပျံသန်းမည်ဖြစ်သည်။

ဗီယက်နမ်လေကြောင်းလိုင်းသည် ဖိလစ်ပိုင်တွင်နေထိုင်သော ဗီယက်နမ်လူမျိုး ၃၀,၀၀၀ နီးပါးနှင့် ဗီယက်နမ်တွင်နေထိုင်သော ဖိလစ်ပိုင်နိုင်ငံသား ၇,၀၀၀ ခန့်ရှိသည့် ခရီးသွားများနှင့် စီးပွားရေးနှင့်ပတ်သက်၍ လာရောက်မည့် ခရီးသွားများအတွက် အလားအလာရှိသော စျေးကွက်တစ်ခုအဖြစ် ဖော်ပြထားသည်။

မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်နိုင်ငံသည် ပထဝီဝင်အနေအထားအရ ခရီးသွားစရိတ်သင့်တင့်မှုနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များကြောင့် ဖိလစ်ပိုင်ခရီးသွားများအတွက် ဆွဲဆောင်မှုရှိလာသကဲ့သို့ ဖိလစ်ပိုင်သည် ဗီယက်နမ်ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်လေကြောင်းလိုင်းမှ တိုက်ရိုက်လေကြောင်းပျံသန်းခြင်းဖြင့် နှစ်နိုင်ငံအကြား ခရီး သွားလုပ်ငန်းနှင့် ကုန်သွယ်မှုတိုးမြှင့်ရန် အခွင့်အလမ်းများစွာရှိလာမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးလာသည့်လက္ခဏာတစ်ရပ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News